သန်းခေါင်ယံက ကြောက်စရာလူလဲပွဲ (သို့) တက္ကစီသမား တစ်ယောက်ရဲ့ ထိတ်လန့်ဖွယ်ဖြစ်ရပ်မှန်
အထက်ပုဇွန်တောင် လမ်းမကြီး၏တစ်နေရာတွင် ဖြစ်သည်။ဝေယံစိုးသည် သူ၏ Fielder တက္ကစီကားလေးအား ကားပါကင်ထိုးပြီး ခရီးသည်အား မျှော်နေမိသည်။
ခုတလော ကားဆွဲမကောင်းလှ။ထို့ကြောင့်ညဉ့်နက် ခံပြီးဆွဲနေရ သည်။တော်သေးသည်မှာ သူ့ကားက gas ကား ဖြစ်နေခြင်းကြောင့် ဆီကားတွေလောက် ပူပန်စရာ မလို။
ဒါမှ မဟုတ်လျှင် အိမ်ပင်ပြန်ရမည် မဟုတ်။ သည်လိုနှင့် ည ၈နာရီ ၂၀ မိနစ်ခန့်တွင်”အောင်ခြင်းရှစ်ပါး အသံကြားတဲ့ အခါ…”သူ့အကျီႋအိတ်ကပ်ထဲမှ ဖုန်း Ringtone သံကြောင့် ဖုန်းကိုထုတ်လိုက်သည်။
“ဟယ်လို””ဝေယံလား ငါပါ မျိုးညွန့်ပါ””ဟာ ဆရာမျိုး ဟုတ်ကဲ့ အမိန့်ရှိပါ ဆရာ””အေး ငါ ထမလုံပြန်မလို့ မင်း ကား အားလား အခု ဘယ်မှာလဲ””ဟုတ် အားပါတယ်
ဆရာ ကျွန်တော် ပုဇွန်တောင်မှာပါ””အဲဒါဆို မင်း ကားကြီးဂိတ်ကို လာခဲ့ သိတယ် မဟုတ်လား YBS 7 တွေ ဂိတ်ထိုးတဲ့ နေရာလေ””သိပါတယ် ဆရာ လာခဲ့ပါ့မယ်”ဝေယံစိုးက ဖုန်းပြော ပြီးသည်နှင့် ကားကိုစက်နှိုးပြီး မောင်းထွက်လိုက်သည်။ သူ့ကိုဖုန်းဆက်သော ဆရာမျိုး ဆိုသူ ဦးမျိုးညွန့်မှာ သူအထက်တန်း ကျောင်းသားဘဝ ကိုးတန်း ဆယ်တန်း နှစ်နှစ်ဆက်တိုက် အတန်းပိုင် ဆရာ ဖြစ်ခဲ့ဖူးသည်။ အသင် အပြ လွန်စွာကောင်းသလို စိတ်ရင်းစေတနာလည်း ကောင်းသည်။ ကျောင်းသားများ ကို စာသင်ချိန် ပြင်ပ တွင် ညီအစ်ကို သူငယ်ချင်းပေါင်း ပေါင်းတတ်သူဖြစ်သည်။
ကျောင်းသားများက သူ့ဆိုလျှင် ချစ်ကြောက်ရိုသေ ကြသည်။ ဒါကြောင့်လည်း ဝေယံစိုး တစ်ယောက် သန်လျင် ထမလုံအထိ လိုက်ပို့ရမည်ကို ငြိုငြင်မှု မဖြစ်မိပေ။
ဝေယံစိုးက သူ့ကားလေးအား အထက်ပုဇွန်တောင် လမ်းမကြီးအတိုင်း မောင်းလာခဲ့သည်။
၁၅ ပေ ခုံးတံတား အောက်မှဖြတ်သန်းလာပြီး အသင်းတိုက် ကိုးလမ်း ရုံးလေး အေဘီစီမှတ်တိုင်များကို တရိပ်ရိပ် ဖြတ်သန်းလာသည်။
ပုသိမ်ညွန့် ၆လမ်းမှတ်တိုင်ကို ဖြတ်ကျော်လာပြီးနောက် သမိန်ဗရမ်းလမ်းမကြီး ပေါ်မှ သံသုမာလမ်းဘက်သို့ ချိုးကွေ့ လိုက်သည်။
ကားကြီးဂိတ် ရောက်ဖို့ဆိုရင် သည်လမ်းကြောက အတိုဆုံးဖြစ်သည်။
ကြက်ဘဲဈေး တပ်မတော် ငါးပိ ငံပြာရည်စက်ရုံ တို့ကို ဖြတ်ကျော်လာပြီး သုဝဏ္ဏ လမ်းဆုံမီးပွိုင့်သို့ ရောက်လာသည်။
ပွိုင့်နီ နေသဖြင့် တန်းစီစောင့်ရင်း ကားထဲရှိ CD စက်ကိုဖွင့် လိုက်သည်။ CD မှထွက်ပေါ်လာသော မေတ္တသုတ် တရားတော်ကို နာယူရင်း ပွိုင့်စိမ်းပြီဖြစ်၍ ကားကို အသာအယာ မောင်းထွက်လာခဲ့သည်။ ဝေယံစိုး ကားမောင်း ရာတွင် အကျင့်တစ်ခုရှိသည်။
ခြေထောက်က လီဘာနင်းပြီးတိုင်း ဘရိတ်ပေါ်သို့ ချက်ချင်းပြန်တင်တတ်သည့် အကျင့်ပင်ဖြစ်သည်။
ထိုအကျင့်ကြောင့်ပင် သူကားမောင်းလာသည့် သက်တမ်း တစ်လျှောက် ဆိုးဆိုးဝါးဝါး ယာဉ် မတော်တဆဖြစ်မှု မရှိခဲ့ပေ။
ဝေယံစိုးက သူ့ကားလေးကို သံသုမာလမ်းမကြီးအတိုင်း သုဝဏ္ဏမြို့ကို ဖြတ်သန်းမောင်းနှင်ခဲ့သည်။
စံပြဈေး မှတ်တိုင်ကို ကျော်လာပြီးနောက် အမှတ်(၂) လမ်းမကြီးပေါ် ရောက်လာသည်။သင်္ဃန်းကျွန်း ဘိုးဘိုးကြီး နတ်ကွန်း ရှေ့တွင် သူ့ဆရာ ရပ်စောင့်နေသည်ကို ကားမီးရောင်ဖြင့် မြင်ရ၍ ကားရပ်မည်ဖြစ်ကြောင်း အချက်ပြမီးဖြင့် ပြသပြီး သူ့ဆရာအနီး အသာအယာ ရပ်လိုက်သည်။
ဆရာကားပေါ်တက်ပြီး သည်နှင့် ကားကိုပြန်မောင်း ထွက်လိုက်သည်။ အချိန်မှာ ည ၉နာရီကျော်နေပေပြီ။
ကားကို အမှတ် (၂)လမ်းမကြီးအတိုင်း မောင်းလာပြီး တောင်မြောက် လမ်းဆုံ အရောက်တွင် ယာဘက်သို့ ချိုးကွေ့ကာ တောင်ဒဂုံဘက်သို့ မောင်းလာလိုက်သည်။
မောင်းမကန်လမ်းမှ gas ဆိုင် တွင် gas ဝင်ထည့်ပြီး သာကေတမှ သန်လျင် ထမလုံဘက်သို့ မောင်းနှင် လာရာ ထမလုံရောက်ချိန်တွင် ည ၁၂နာရီ ကျော် နေပြီဖြစ်သည်။ ဆရာကားပေါ်မှ ဆင်းသွားပြီးနောက် သူ့ကားကို ရန်ကုန်ပြန်ရန် လှည့်လိုက်ပြီး ပြန်လည် မောင်းနှင် လာရာ သန်လျင် ကျိုက်ခေါက်ဘုရားကွေ့ရှေ့တွင် လင်မယားဟု ယူဆရသူနှစ်ဦးက ကားကိုတား သဖြင့် ရပ်ပေးလိုက်ရာ အောင်ချမ်းသာထိပ်သို့ သွားလိုကြောင်းနှင့် လမ်းထဲဝင်ပေးရမည် ဖြစ်ကြောင်း ပြောသဖြင့် ငွေကျပ်နှစ်ထောင်ဖြင့် ဈေးတည့်ပြီး အဆိုပါလူနှစ်ဦးအား တင်ဆောင်လာ ခဲ့သည်။
လင်မယားနှစ်ယောက်တွင် ယောကျ်ားဖြစ်သူမှာ လည်ကတုံးအကျီႋ အဖြူ နှင့် ကချင်ပုဆိုးဝတ်ဆင် ထားပြီး အမျိုးသမီးမှာ အကျီႋ အနီပွင့်ဝမ်းဆက် ဝတ်ဆင်ထားသည်ကို ကားမီးရောင်ကြောင့် သတိ ထားမိလိုက်သည်။ အဆိုပါနှစ်ဦးမှာ မျက်နှာသေများ ဖြင့် တိတ်ဆိတ်စွာ လိုက်ပါလာခြင်းဖြစ်သည်။ သို့နှင့် အောင်ချမ်းသာထိပ် အကျော် အရောက်တွင် ဘယ်နားကွေ့ပေးရမလဲဟု နောက်လှည့်မေးစဉ် ဝဲဘက်သို့ကွေ့ရန် လက်ညှိုးညွှန်သဖြင့် မြေနီလမ်း အတိုင်း ဝဲဘက်သို့ ချိုးဝင်ရန် ယာဘက်တွင် ရှင်း မရှင်း တစ်ချက်ကြည့်ပြီး ကွေ့လိုက်သည်။ “ဟာ ဘာလဲဟ” ဝေယံစိုးပါးစပ်မှ အာမေဍိတ်သံ ရုတ်တရက်ထွက်မိ သည်အထိ အံ့အားသင့်သွားသည်။
အဘယ်ကြောင့် ဆိုသော် သူကားအား ကွေ့စဉ်က မြေနီလမ်းထဲ ဖြစ်သည်။အခု ပြန်ကြည့်လိုက်တော့ လမ်းမဟုတ်တော့။
သစ်ပင် ဝါးရုံပင်များ သာ ရှိနေသည်။ သို့နှင့် သူ ကားကို ဝါးရုံပင်အသေးဘက် သို့ဆွဲချပြီး ဘရိတ်အုပ်လိုက်ရသည်။
“ကျွီ…”ဘရိတ် မအုပ်လို့လည်း မရတော့။ လမ်းကလည်း ကားတစ်စီးသွားသာရုံသာ ရှိသည်။ သူ ကား နောက်ခန်းကို ကပျာကရာ လှမ်းကြည့်တော့ ဟိုလင်မယားနှစ်ယောက်လုံး ပျောက်ခြင်းမလှ ပျောက်နေသည်။သူ ကြက်သီး ဖြန်းခနဲ ထသွား၏။ သို့နှင့် ကားမှန်များ လော့ခ်ချကာ အကုန်ပိတ်ပြီး ထားခဲ့ကာ ထွက်ပြေး ရန် ကြံမိ၏။ ကားစက်ကလည်း နှိုးမရ။ထိုအချိန်တွင်“ဒေါက်…ဒေါက်”ကား၏အနောက်ခန်း ဝဲဘက်မှန်တံခါးအား ခေါက်သံ ကြားရ၍ သူ ကမန်းကတန်း လှည့်ကြည့် လိုက်ရာ သူ့ကားအား ငှားစီးလာသော လင်မယား အနက်မှ ယောကျ်ားဖြစ်သူ ဖြစ်နေ၏။ ထိုလင်မယားမှာ ဘယ်လိုနည်းနင့်မှ လူမဟုတ်နိုင်မှန်း သူအကဲခတ်မိပြီး ဇောချွေးများပန်လာ၏။
ထိုစဉ် ကားရှေ့လေကာမှန် ပေါ်တွင် တစ်စုံတစ်ရာအား မြင်ရသဖြင့် သူ ခေါင်းနားပန်းကြီးသွား၏။
အနီပွင့်ဝမ်းဆက် ဝတ်ဆင်ထားသော မိန်းမမှာ သူ့ အား စူးစိုက်ကြည့်နေသည်။ ကြည့်ရင်းမှပင် အဆိုပါ မိန်းမ၏ ပါးစပ်မှ အစွယ်များ တစ်ဖက်တစ် ချက်စီမှ ထွက်လာပြီး သွားရည် တမြားမြားဖြင့် သူ့အား သွားဖြီး ပြနေ၏။
နောက်ခန်းဝဲဘက် အပြင်မှ လည်း ယောကျ်ားဖြစ်သူက မှန်ကို တဒေါက်ဒေါက် ခေါက် ရာ မှ တဘုန်းဘုန်း မြည် အောင် ထုလာ၏။
သူ ဘာလုပ်ရမည်မှန်း မသိတော့။ ကားတံခါးတွေ အပိတ်မြန်၍သာ သူ အခုထိ အသက်နှင့်ခန္ဓာ မြဲနေ ခြင်းဖြစ်၏။ သူဟသရဏဂုံသုံးပါး ရွတ်ပြီး ကားကို စက်နှိုး၏။
”ဝူးးးဝူးးးး”ဘုရားတရားမလို့ ကားစက်နိုးသွား၏။ ဟိုလင်မယား နှစ်ယောက်မှာ ကမ္မဇိဒ္ဓိ တန်ခိုးသိပ်မရ ှိသော မကောင်းဆိုးဝါးများ ဖြစ်နေ၍သာ တော်သေး သည်။
ဒီလိုမှမဟုတ်လျှင် သူမလွယ် ကားမှန်က သူ့ကို အကာအကွယ် ပေးနိုင်မှာမဟုတ်ပေ။ကား စက်နိုး၍ ဝမ်းသာသွားပြီး ဘက်ဂီယာထိုးကာ ကား ကို နောက်ဆုတ်လိုက်သည်။
”ဒုတ်”ကားမှာ မည်သည့်အရာနှင့် ငြိနေမှန်းမသိ ဘက်ဆုတ် မရပေ။ သို့နှင့်သူလည်း အကူအညီ တစ်စုံတစ်ရာ ရလိုရငြား ကားဟွန်းကို သံရှည်ဆွဲ တီးလိုက်တော့သည်။
”တီတီတီ”ထိုအချိန်တွင် ဆိုင်ကယ်မီးရောင်များကို ဘက်မှန်မှ တစ်ဆင့် မြင်ရ၍ ဝေယံစိုး အတိုင်းမသိ ဝမ်းသာ သွားသည်။
ထိုအခိုက် တောက်ခေါက်သံနှစ်ချက်ကြားလိုက်ရ ပြီး မကောင်းဆိုးဝါးလင်မယား ဖျပ်ခနဲပျောက် သွား၏။ ခဏအကြာတွင် ဆိုင်ကယ်ငါးစီးဖြင့် လူငါးဦး ရောက် လာသည်။ ထိုလူများမှာ ဆိုင်ကယ် ကယ်ရီ သမားများဖြစ်ကြောင်း သိရသည်။ ဝေယံစိုးလည်း ကားအောက်ဆင်းကာ အကျိုးအကြောင်းပြောပြ အကူအညီတောင်းခံလိုက်၏။
ထိုလူများ၏ ပြောပြချက်အရ ဘရိတ်အုပ်တာမြန်၍ ကံကောင်းသွားကြောင်း ရှေ့တွင် ပေ၂ဝခန့်နက် သော ချောက်ရှိကြောင်း ထိုချောက်ထဲသို့ ကားများ မကြာခဏ ထိုးကျတိမ်းမှောက်လေ့ရှိကြောင်း ဝေယံစိုး ကိုလည်း လူစားလဲရန် ဖြားယောင်း ခေါ်ဆောင်လာခြင်း ဖြစ်နိုင်ကြောင်း ပြောပြကြသဖြင့် ဝေယံစိုးမှာ ကျောချမ်းသွားမိ၏။ ထို့နောက် ဝေယံစိုးက ကားပေါ် ပြန်တက်ပြီး စက်နှိုး ကာ ဘက်ဂီယာထိုး၍ ကားနောက်ဆုတ်၏။ကားမှာ မြေပြင်တွင် မည်သည့်ခလုတ်ကန်သင်းမျှ မရှိဘဲ နောက်ဆုတ်မရ ဖြစ်နေ၏။ သို့နှင့် လူအားနှင့် ဝိုင်းတွန်းသော်လည်းမရပေ။ ထိုအခိုက် အသက် ၆၀ ခန့်ရှိမည်ဟု ခန့်မှန်း ရသော အဘိုးအို တစ်ယောက် လျှောက်လာသည်ကို မြင်လိုက်ကြ ရသည်။
ဖြစ်စဉ်အား မေးသဖြင့် ဝေယံစိုးက တရိုတသေ ရှင်းပြလိုက်သည်။ အဘိုးအိုက” အိမ်း အဘ မေတ္တာရပ်ခံကြည့်ပါဦးမယ်”ထိုသို့ပြောပြီး ပါးစပ်မှတတွတ်တွတ်ဖြင့် ရွတ်ဖတ်ပြီး ကားဘောနပ်အဖုံးအား လက်ဖြင့် သုံးချက် ပုတ်လိုက်သည်။”ကဲ ဘက်ဆုတ်ကြည့်ပါဦး ” ဝေယံစိုးက စက်နှိုးပြီး ဘက်ဂီယာသွင်းကာ ဆုတ်လိုက်သည်။
”ဝူးးးးဝူးးး”အံ့သြစရာပင် ခုနက လူအား စက်အားဖြင့် တွန်းမရ ဆုတ်မရသောကားက အခုတော့ ရှောရှောရှူ ရှူ ပင် နောက်ဆုတ်၍ရသွားသည်။ ဝေယံစိုးလည်း လာလမ်း ဘက်သို့ ကားကိုဦးတည်လိုက်ပြီး ဆိုင်ကယ်ကယ်ရီသမားများကို ကျေးဇူးတင်ကြောင်း ထပ်မနားပြောမိတော့သည်။
အဆိုပါလူများက ညဘက်ဆိုလျှင် ပိုက်ဆံ ဘယ်လောက်ရရ ဤလမ်း သို့ အငှားမလိုက်ရန် သတိပေးစကားပြောပြီး ထွက်ခွာ သွားကြသည်။
အဓိကအကူအညီပေးခဲ့သူ အဘိုးအိုအား သတိရ၍ ကြည့်မိတော့ မရှိတော့ပေ။ ဝေယံစိုးလည်း ကားအား တောက်လျှောက်မောင်း နှင်လာရာ ရှုခင်းသာလမ်းရှိ သူ့အိမ်ရှေ့ရောက်မှ သက်ပြင်းချနိုင်တော့သည်။
ကားစက်သတ် သော့ ပိတ်ပြီး အိမ်ထဲအမြန်ပြေးဝင်ကာ အဖေနှင့်အမေ အား အကျိုးအကြောင်း ပြောပြတော့ သူ့အဖေက သူ့ကို ပရိတ်ရေတိုက်လိုက်မှ အကြောက်အလန့်ပြေ သွားတော့သည်။ဝေယံစိုး၏ ဖခင်က ကားကိုပါ ပရိတ်ရေများ ပက်ဖြန်းပေးခဲ့သည်။ နံနက်မိုးလင်း၍ ကားအားကြည့်လိုက်တော့ ကားရှေ့ယာမီးခွက် ကွဲနေသည်။
ညက ကားဘရိတ် အုပ်စဉ် ဝါးရုံပင်နှင့် ထိမိခြင်းကြောင့်ဖြစ်မည်ဟု ဝေယံစိုး သိလိုက်၏။
သူ့စိတ်ထဲတွင်တော့ ဘုရားမ၍ လူစားလဲမခံရခြင်း ဖြစ်ကြောင်းတွေးမိရင်း ရတနာသုံးပါးသည်သာ အားထား ကိုးကွယ်ရာ အမှန်ဖြစ်ကြောင်း နားလည် သဘောပေါက်မိပါတော့သည်။ ။
(အမည်များ ပြောင်းထားခြင်းမှအပ ဖြစ်ရပ်မှန်ဖြစ်ပာသည်။ ဖြစ်စဉ်အား cb တွင် ပြောပြပေးသော ညီလေး Arkar Linn အား ကျေးဇူးအထူးပင် တင်ရှိ ပါသည်။
ဇာတ်လမ်းတွင် လိုအပ်ချက်များ ရှိ ပါက ကျွန်တော်၏ ချို့ယွင်းချက်သာ ဖြစ်ပါကြောင်း နှင့် သည်းခံခွင့်လွှတ် ဖတ်ရှုပေးပါရန် လေးစားစွာ ပန်ကြားအပ်ပါသည်)။
credit