မကြာခနလေအောင့်နေသည့်မိတ်ဆွေတစ်ဦးသည်.. ရောင်းတန်းအစာအိမ်ဆေးများကိုဝယ်ယူသုံးစွဲနေရာမှ..တလောကစင်္ကာပူနိုင်ငံတွင်အလုပ်လုပ်နေသော သမီးထံသွားရောက်လည်ပတ်ရင်း စစ်ဆေးလိုက်သည့်အခါ အစာအိမ်ကင်ဆာဟုသိရသည်။ အစာအိမ်နာသည်ဆေးကုမှားလျှင်အသက်ဆုံးနိုင်သောရောဂါမျိုးဖြစ်သည်။
အစာအိမ်ရောဂါသည် ကုသရခက်ခဲသော နာတာရှည်ရောဂါမျိုးတွင် ပါဝင်သည်။ အစားအသောက် ကို ဂရုမစိုက်နိုင်ဘဲ အပြေးအလွှား အလုပ်သွားရသည့် သင်တန်းသွားရသည့် သူများတွင် အဖြစ်များသည်။ စားချိန်သောက်ချိန် မမှန်ခြင်းကြောင့် အစာအိမ်ရောဂါဖြစ်ရသည်။ ထို့ကြောင့် ခေတ်နှင့်အမီ လိုက်နေသော မြို့ကြီးပြကြီးတွင် နေထိုင်သော သူများတွင် အစာအိမ်ရောဂါ အဖြစ်များသည်။
ရှေးအာယုဗေဒ ဆေးကျမ်းများအလိုအရ “ရောဂါမှန်သမျှ အစာမကြေခြင်းက စသည်” ဟု ဆို သည်။ ပါဠိဘာသာအားဖြင့်လည်း “ရောဂါမူလံ အာဇိဏ္ဏကံ” ဟုဆိုသည်။ အစာမကြေရောဂါ ဖြစ်ပြီးလျှင် ပေါ့ပေါ့ဆဆနေပါက အမှိုက်ကစ ပြဿဒ်မီးလောင် ဖြစ်ကာ ရောဂါကြီးများ ဝင်လာတတ်သည်။
စားချိန်မမှန်သဖြင့် အစာမကြေ၊ အစာမကြေရာမှ လေပွ၊ လေပွရာမှ အစာမကြေ၊ လေချဉ် တက်ခြင်း၊ လေအောင့်ခြင်း၊ လေထိုးခြင်း၊ လေပူကန်ခြင်း… ထိုမှတစ်ဆင့် သွေးထဲတွင် ပါသွားသော လေပူ ဖောင်းများကြောင့် နှလုံးလေရိုက်ခြင်း၊ နှလုံးအောင့်ခြင်း၊ သွေးတိုးခြင်း၊ ခေါင်းအုံမူးဝေခြင်း၊ အစာမကြေ သဖြင့် ဝမ်းချုပ်ခြင်း၊ စမြင်းခံခြင်း၊ လိပ်ခေါင်းရောဂါဖြစ်ခြင်း… စသည်ဖြင့် တစ်နွယ်ငင် တစ်စင်ပါ ရောဂါအမျိုးမျိုးတိုးပွားလာတတ်သည်။
လေပူထခြင်း
အစာစားချိန်မမှန်လျှင် လေပူထရောဂါဖြစ်တတ်သည်။ ဖြစ်ပုံမှာ အစာစားချိန်တန်၍ အစာအိမ်ထဲ သို့ အစာမရောက်သောအခါ ပုံမှန်ထွက်နေကြ အစာချေရည် အက်ဆစ်သည် အငွေ့ပြန်၍ အစာအိမ်တွင် ပူပြီး လည်ချောင်းအထိ တက်လာသည်။ အစာရေမြိုပြွန်တွင် ပူစပ်ပူလောင် ဖြစ်လာသည်။ အာခံတွင်းနှင့် လျှာအထိ ပူလောင်သောအခါ အပူကန်ဖုများ ထွက်လာတတ်သည်။
လေပူထလျှင် မူလ အစာစားခြင်စိတ်မှာ ပျောက်သွားပြီး ရင်ပူသလိုဖြစ်နေတတ်သည်။ ပါးစပ် ခံတွင်းနှင့် လျှာတွင် အရသာခါးပြီး ပါးစပ်ပျက်သည်ဟု ပြောလေ့ရှိကြသည်။ အချို့မှာ ပါးစပ်ပျက်ရုံသာမက လျှာတွင် အနှစ်များတက်ပြီး အဖြူဖတ်များကပ်လျှက် လျှာထူနေတတ်သည်။
အစာအိမ်မှ အက်ဆစ်ရည် အငွေ့၏ အထက်တက်ပြီး လောင်ကျွမ်းမှုကြောင့် လျှာတွင် အနီစက် များထွက်ပြီး အချို့မှာ အနာသဖွယ် ဖြစ်တတ်သည်။ လျှာအနာပေါက်လျှင် ရေသောက်လျှင်ပင် စပ်နေ တတ်သည်။ အနာမပျောက်မခြင်း အစားအသောက်ပျက်ရသည်။ အနေရခက်သောဝေဒနာ ခံစားရတတ် သည်။ အပူအစပ်မပါဘဲ ထမင်းရည်သောက်ခြင်းဖြင့် သက်သာနိုင်သည်။
ယခုခေတ်တွင် ထမင်းကို ရည်ငှဲ့ မချက်ဘဲ ပေါင်းအိုးဖြင့် ရေခမ်းချက်ကြသောကြောင့် ထမင်းရည်သောက်ခြင်း ဓလေ့ပျောက်သွားသည်။ ထမင်းရည်သည် အစာအိမ်လေပူ ရောဂါကို ကုသနိုင်သော ဆေးစွမ်းကောင်း တစ်လက်ဖြစ်သည်။ ထမင်း ရည်ပူပူတွင် ဆားခပ်သောက်ပေးခြင်းဖြင့် အစာအိမ်မှ အက်ဆစ်ဓာတ်လွန်ကဲခြင်းကို ထိန်းနိုင်သည်။
ထ မင်းရည်တွင် ပျားရည် ထည့်သောက်ခြင်းဖြင့် လျှာနှင့်ခံတွင်း အပူကန်နာများကို သက်သာပျောက်ကင်းစေ နိုင်သည်။ ဦးခေါင်းတွင် အပူကန်နာအဖုများ ထွက်လျှင်ပင် ထမင်းရည်ကို လိမ်းပေးပြီးနောက် ခေါင်းလျှော် လျှင် သက်သာစေနိုင်သည်။
လေချဉ်တက်ခြင်း
လေချဉ်တက်ခြင်းသည် လေတက်ခြင်းပင်ဖြစ်ပြီး လေလည်ခြင်း၏ ဆန့်ကျင်ဘက်လည်းဖြစ်သည် ဟု ဆိုသည်။ လေအောက်သို့သက်နေခြင်းသည် နေကောင်းသည့် လက္ခဏာဟုယူဆပြီး လေအထက်ဆန် ခြင်း၊ လေချဉ်တက်ခြင်းသည် နေမကောင်းသည့် လက္ခဏာဟု မြန်မာဆေးပညာက ယူဆသည်။
လေချဉ်တက်ခြင်းသည် ဝမ်းထဲမှအောင်းနေသော အစာမကြေသည့် စုပုံနေသည့်အစာနှင့် ပုံမှန် မဟုတ်သော အစာခြေရည် (သည်းခြေရည်) တို့မှ ဆန်တက်လာသည့် လေချဉ်လေပွက်ဖြစ်သည်။ တစ် နည်းအားဖြင့် အစာအိမ်အချဉ်ပေါက်ခြင်း၏ အစ ရှေးဦးစွာ ပြသောလက္ခဏာဖြစ်သည်။
မကြေသောအစာတို့သည် အူသိမ်အူသေးတို့မှ တစ်ဆင့် အူမကြီးအဆုံး အစာဟောင်းအိမ် (မစင် အိမ်)သို့ ရောက်ရှိကြသည်။ အစာဟောင်းအိမ်တွင် စုပုံနေသော ဝမ်းပုပ်နှင့်စမြင်းတို့မှ ထွက်သော အငွေ့ သည်လေပူလေပုပ် ဖြစ်သည်။ ထိုလေပူလေပုပ်သည် စအိုဝမှ လေလည်ပြီးထွက်မသွားခဲ့လျှင် အထက်သို့ ပြန်ဆန်ပြီး အူမကြီးမှတစ်ဆင့် အူသေး၊ အူသိမ်မှ အစာသစ်အိမ်သို့ ပြန်လည်ရောက်ရှိကာ လေချဉ်တက် ခြင်း၊ ခံတွင်းအပုပ်နံ့နံခြင်း တို့ဖြစ်နိုင်သည်။
အချဉ်ဓာတ် လွန်ကဲပြင်းထန်လျှင် အာခေါင်ခြောက်ခြင်း၊ အာသီးရောင်ခြင်းကို ဖြစ်စေနိုင်သည်။လေပူနှင့်တွဲ၍ ဖြစ်သော လေချဉ်သည် နှလုံးသွေးကြောများမှတစ်ဆင့် ဦးခေါင်းပိုင်းရှိ နားနှင့် မျက် စိ၊ ဦးနှောက်အတွင်းထိ ဒုက္ခပေးနိုင်သည်။ ထို့ကြောင့် အစာမကြေလေချဉ်တက်သာများမှာ ခေါင်းမကြည် ခြင်းဖြစ်သည်။
အထက်သို့ တက်သောလေမှန်သမျှ မကောင်းသည်တော့ မဟုတ်ပါ။ လေကောင်းဖြစ်သော “ထောက်ကန်ဝါယော” ဖြစ်လျှင် ကိစ္စမရှိပါ။ ဦးခေါင်းမတ်ခြင်း၊ ခေါင်းမော့ခြင်းတို့ကို ပြုနိုင်သည်။ အကျိုးပြု သောလေမျိုးဖြစ်သည်။ လေကောင်းမဟုတ် လေပုပ်၊ လေချဉ်ဖြစ်လျှင် ဦးခေါင်းပိုင်းကို ဒုက္ခပေးနိုင်သည်။
ခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်း၊ မျက်စိကြည့်မကောင်းခြင်း၊ အာရုံကြာကြာမစိုက်နိုင်ခြင်း၊ မျက်စိမှုန်ဝါးခြင်း၊ သူငယ်အိမ် စောင်းခြင်း၊ မျက်မှန်တပ်ရသူများတွင် မျက်မှန်ဒီဂရီတိုးခြင်းတို့ ဖြစ်နိုင်သည်။လေချဉ်တက်သူများ ပထမဦးစွာ ဂရုပြုရမည့်အချက်မှာ အစာကို အချိန်မှန်စားရန်နှင့် များများမစား ရန်ဖြစ်သည်။
အစာခြေအားနည်းနေချိန်တွင် အစာအိမ်ကို ငဲ့ညှာသောအားဖြင့် များများမစားဘဲ နည်းနည်း နှင့် နှစ်ကြိမ်၊ သုံးကြိမ်ခွဲစားခြင်းက ပို၍ ကောင်းသည်။ အစာအိမ်ကို အစာနှင့် ကုနည်းပင်ဖြစ်သည်။ဝမ်းမှန်ရန်လည်း ဂရုပြုသင့်သည်။ ဝမ်းချုပ်ပြီး စမြင်းခံလျှင် အထက်သို့ လေချဉ်ပြန်တက်သဖြင့် ဝမ်းမှန်အောင် လမ်းလျှောက်ခြင်း၊ အသီးအနှံစားခြင်း၊ ရေများများသောက်ခြင်း ပြုသင့်သည်။
အထူးသဖြင့် အိပ်ယာဝင်ချိန်နှင့် အိပ်ယာထချိန်တွင် ရေသောက်သည့်အကျင့်ကို ကျင့်သင့်သည်။အသက်အရွယ်ကြီးရင့်၍ လမ်းကောင်းစွာမလျှောက်နိုင်သူများမှာ လေဆေးကူသင့်သည်။ အထက် သို့တက်သောလေ အောက်သို့စုန်ဆင်းစေရန် လေလည်စေသော နည်းကိုသုံးရမည်ဖြစ်သည်။ အစာကြေ ဆေး၊ လေဆေး၊ လေနှိမ်ဆေး၊ လေပူကျဆေး၊ အဓောဂမ လေသက်ဆေး၊ လေပုပ်ထုတ်ဆေး၊ လေကွဲ ဆေးများသုံးစွဲသင့်ကြောင်း ရေးသားလိုက်ရပေသည်။
လေထိုးလေအောင့်ခြင်း
လေထိုးလေအောင့်ရောဂါသည် အစာမကြေခြင်းကြောင့်ဖြစ်ရသည်။ အစာအိမ်တွင် အစာခြေရည် မထွက်သောအခါ အစာစားမိခြင်း၊ ပူနွေးသော အစာကို စားလျှင် အစာခြေရည် ထွက်လာနိုင်သော်လည်း အေးစက်မာကြောသော ထမင်းအေး၊ ဟင်းအေးကို စားသုံးပြီးနောက် လေထိုးလေအောင့် ဖြစ်လာသည်ကို များစွာတွေ့ရသည်။
လေထိုးလေအောင့်ဖြစ်သည့် နေရာအမျိုးမျိုးရှိရာ အစာအိမ်ရင်ညွှန့် တည့်တည့်တွင် အောင့်သည့် လေနာရောဂါသည် အစာချေရည် မထွက်မီအစာကို များစွာစားခြင်း၊ အစားတစ်လုတ်လျှင် (၅) ကြိမ်မှ (၁၀) ကြိမ်အထိ မဝါးဘဲ လျှင်မြန်စွာ မြိုချခြင်း၊ အလောသုံးဆယ် စားခြင်းတို့ကြောင့် ဖြစ်နိုင်သည်။
အစာစားပြီး ခဏကြာမှ နံဘေးနှင့် ဝမ်းဗိုက်မှ နောက်ကြောလက်ပြင်အထိ ထိုးအောင့်လာလျှင် အူသိမ်နာကြောင့်ဖြစ်နိုင်သည်။ အစာအိမ်မှ အထွက်တွင် လက်ညှိုးကို ကွေးထားသကဲ့သို့ အကောက် ကလေးရှိသည်။ ထိုနေရာကို အူသိမ်ဦးဟု လည်းခေါ်သည်။ အစာအိမ်မှ နယ်ဖက် ချေပြီးသော အစာများ ကို အာဟာရစုတ်ယူမည့် (၁၁)ပေခန့်ရှည်သော အူသေးများတစ်လျှောက် တွန်းပို့ပေးမည့် အစာအိမ်၏ ထွက်ပေါက်လည်းဖြစ်သည်။
အူသိမ်ဦးနာ (Duodenum Ulcer) သည် ရင်ညွှန့်တွင် မီးခဲထည့်ထားသကဲ့သို့ အပူလောင်ရာမှ နံအိမ်ကို ပတ်ပြီး နောက်ကျော လက်ပြင်ထိအောင် နာသော ခံစားရခက်သော လေနာမျိုး ဖြစ်သည်။ အူသိမ်ဦးရောင်သော အနာနှင့် အူသိမ်ဦးတွင် အနာပေါက်သော အနာဟူ၍ (၂) မျိုးဖြစ်လေ့ရှိ သည်။ အစာကို များများမစားဘဲ နည်းနည်းနှင့် တစ်နေ့ (၅) ကြိမ်၊ (၆) ကြိမ် ခွဲစားရမည်ဟု ကုထုံးကဆို သည်။
အစာစားပြီးတိုင်းအန်သဖြင့် ဆေးပညာနှင့်ဝေးသော ကျေးလက်တောနယ်များတွင် စုန်း၊ ပယောဂ ထင်ပြီး တစ်လွဲကုကြသည်များရှိသည်။ အူသိမ်အူနုများတွင် လေနာဖြစ်ရခြင်းမှာ အစာအိမ်မှ ကောင်းစွာ ကြေကျက်ခြင်းမရှိသော အစာ များ ရောက်လာသောကြောင့်ဖြစ်သည်။ အူနုများ၏ တာဝန်မှာ ခန္ဓာကိုယ်အတွက် လိုအပ်သော အာဟာရ များကို စုတ်ယူပေးရခြင်းဖြစ်သည်။ ဗီတာမင်နှင့် သတ္ထုဓာတ် များကို ကစီဓာတ်များနှင့် ခွဲခြားပြီး စုတ်ယူနိုင် သည်။
အဆိပ်အတောက်များကို ချေဖျက်ရန် အသည်းသို့ ပို့ပေးသည်။ ခန္ဓာကိုယ်၏ အာဟာရအတွက် အလွန်ကြီးမားသော တာဝန်ကို အချိန် (၂) နာရီကျော် ကြာအောင် ထမ်းဆောင်ပေးသည်။ မကြေကျက် သော အစာများ ရောက်ရှိလာလျှင် အူတွင်း လေနာ ဖြစ်တတ်သည်။ ချက်တိုင်ကို ပတ်ပြီး ဝမ်းဗိုက်တစ်ခု လုံး တစ်ပြင်လုံး တစ်မျှင်းမျှင်းနာနေတတ်သည်။
အူအတက်ရောင်ရောဂါ
အလွန်သတိထားရသော ဝေဒနာမျိုးဖြစ်သည်။ လေနာဟု အထင်မှားပြီး ဗိုက်ကိုနှိပ်သဖြင့် အူအ တက်ပေါက်သွားသူ ရှိဖူးသည်။ ပြင်းထန်သော လေဆေးသည် ဝမ်းနုတ်ဆေးကဲ့သို့ လေကိုအောက်သို့ တွန်းချရာမှ ရောင်နေသောအူအတက် ပေါက်သွားနိုင်သည်။
(၁၁)ပေခန့် ရှည်လျှားသော အူသေးတို့၏ အဆုံးတွင် အူမကြီးနှင့် ဆက်သည်။ ထိုဆက်သော နေရာတွင် လက်သန်းဆစ်ခန့် အူအတက်ရှိသည်။ ထိုအတက်တွင် အခေါင်းရှိသည်။ စား၍ မကြေကျက် သော၊ ညက်အောင်မဝါးခဲ့သော အစာအချို့သည် ကံဆိုးလျှင် အူအတက်အတွင်းသို့ ဝင်သွားပြီး ရက်ကြာ သောအခါ ပြန်မထွက်ဘဲ ပုပ်ပြီး အချဉ်ရည်အက်ဆစ်ထွက်လာသည်။ ထိုအရည်လောင်ကျွမ်းသဖြင့် အူအ တက် ရောင်လာသည်။
ထိုထက်ဆိုးလျှင် ပေါက်သွားပြီး အချဉ်ရည် နှင့် အစာဟောင်းများ ဝမ်းဗိုက်အတွင်း သို့ ထွက်ကျသဖြင့် နာကျင်လွန်းပြီး သတိမေ့မြောသွားတတ်သည်။
အူအတက်အတွင်းသို့ ဝင်တက်သော အစာဟောင်းများမှာ ညက်အောင်မဝါးခဲ့သည့် မာလကာစေ့၊ ငရုတ်သီးစေ့၊ အခြားမာကြောသော အစေ့ အဆန်များ ဖြစ်လေ့ရှိသည်ကို တွေ့ရသည်။
အူအတက်သည် ညာဘက် ပေါင်ရှေ့ထိပ် ချက်တိုင်၏ အောက်နားတွင် တည်ရှိသည်။ ထိုနေရာမှ ဝမ်းဗိုက်တစ်ပြင်လုံးသို့ ပြန့်နှံ့ပြီးနာတက်သည်။
အူအတက်ပေါက်သွားလျှင် ဝမ်းဗိုက်သည် ကျောက်ပြင် ကဲ့သို့ မာကျောပြီး နှိပ်မရဖြစ်ကာ အဖျားတက်ပြီး လူလည်း သတိလစ်သွားတတ်သည်။ ညာဘက် ပေါင်ရှေ့ ထိပ်မှ ချက်တစ်ဝိုက်နာလျှင် သတိပြုပါ။ ဝမ်းဗိုက်ကို မနှိပ်ရပါ။
အစားမမှားစေရန်သတိပြု
အစားမှားခြင်းကြောင့်လည်း ရုတ်တရက် အစာအိမ်ဖောက်ပြန်ပြီး လေနာရောဂါ အစာအိမ်ရောဂါ ဖြစ်နိုင်သည်။
မိမိမစားဖူးသောအရာကို တွေ့လျှင် အရန်းမဲ့မစားသင့်ပါ။ အထူးသဖြင့် ခရီးသွားရင်း အခြား အရပ်တွင် တွေ့သောအစာကို မစားသင့်ပေ။ လမ်းခရီးတွင် ဗိုက်အောင့်ခြင်း၊ ဝမ်းလျှောခြင်း၊ ဝမ်းပျက်ခြင်း ဖြစ်လျှင် အလွန်ဒုက္ခများသည်။
ရှေးလူကြီးများ၏ အဆိုအရ အစာကို မဆာက မစားရ…ဆာမှ စား၊ သင့်ရုံစား.. တော်ရုံစား ဟုဆို သည်။ အစာအိမ်မှ သတိပေးချက်များရှိသည်။ ဗိုက်ထဲမှ တဂွီဂွီမြည်ခြင်းသည် အစာတောင်းခြင်းဖြစ်သည်။ အာခေါင်များခြောက်ခြင်းသည် ရေတောင်းခြင်းဖြစ်သည်။
စားပြီးရင်တောင့်လျှင် အစာမကြေခြင်း လက္ခ ဏာဖြစ်သည်။ အစာကြေဆေး သောက်သင့်က သောက်ရမည်။ လေချဉ်တက်လျှင် အစာအိမ် နေမ ကောင်းသည်ကို သတိပြုရမည်။
အစာစားချင်စိတ် မရှိလျှင်လည်း အစာအိမ် အားနည်းနေသည်ဟု သိနိုင် ပေသည်။ ဝမ်းတစ်လုံးကောင်းလျှင် ခေါင်းတစ်လုံးမခဲ… ရောဂါမှန်သမျှ အစာမကြေခြင်းက စသည်ကို သတိပြု ကြစေလိုသည်။
Credit:ကြည်လွင်မြင့် (မုဒြာ)