ကိုယ်မှန်တယ်ထင်ရာ လုပ်တတ်ကြတဲ့ မြန်မာ လူမျိုးများနှင့် အကုန်လုံး လွဲမှားနေသော အရာများ
တခါတုန်းက အချစ်အတွက်ကြောင့် ဂျပန်နိုင်ငံမှာ ကံဆိုးစွာ အမှုဖြစ်ပြီး မြန်မာပြည် ပြန်ပို့ခံရတဲ့ လူငယ်တစ်ယောက်အကြောင်း အမှတ်ရမိပါသေးတယ်။ တိုကျိုမြို့မှာ နေထိုင်ပြီး စားသောက်ဆိုင်တစ်ခုမှာ အလုပ်လုပ်နေတဲ့ အသက် ၂၀ ကျော် မြန်မာလူငယ်ဟာ သူ့ကို ဘာကြောင့် ရဲအတိုင်ခံရပြီး ဖမ်းဆီးပြန်ပို့တဲ့အထိ ဖြစ်ခဲ့ရတယ်ဆိုတာ သဘောမပေါက်ဘူး။ သူဘာပြစ်မှုမှမလုပ်ဘူးလို့ပဲ ဘူးခံငြင်းနေတာကြောင့် သူနဲ့ လူချင်းမသိပေမဲ့ သူ့ကိစ္စကို ကိုယ့်ဖာသာ အိတ်စိုက် လိုက်ကူညီရင်း ရှင်းပြရပါတယ်။
ရုပ်ရည်သန့်သန့် မြန်မာလူငယ်ဟာ မြန်မာပြည်မှာ ချမ်းသာတဲ့ မိသားစုကပါ။ (အံမယ်၊ အဲဒီတုန်းက အနည်းဆုံး သိန်း ၃-၄၀ ရှိမှ ဂျပန်ကို လာနိုင်တာ။ ကျနော်တို့လို ဂျလေဘီတွေ မဟုတ်ဘူး။) ဖြစ်ပုံကတော့ သူအလုပ်လုပ်တဲ့ဆိုင်နဲ့ တလမ်းတည်း တခြားစားသောက်ဆိုင်တစ်ခုမှာ အချိန်ပိုင်း အလုပ်လုပ်နေတဲ့ တက္ကသိုလ်ကျောင်းသူ ဂျပန်မလေးတစ်ယောက်ကို သူက မျက်စိကျပြီး တဖက်သတ် မေတ္တာသက်ဝင် ချစ်ခင်မိပါလေရောတဲ့။
ညဘက် အလုပ်ပြန်ချိန် အတူတူမို့ သူက ကောင်မလေးနောက် မလှမ်းမကမ်းကနေ သူ့အိမ်အထိ လိုက်ပြီးမှ ကိုယ့်အိမ်ကိုယ် ပြန်တယ်။ ဒီလို ကိုယ်ကြိုက်တဲ့ ကောင်မလေးနောက်က တကောက်ကောက်လိုက်တာ မြန်မာပြည်မှာ အထူးအဆန်းမှ မဟုတ်တာ။ လူငယ်တွေ စကားနဲ့ဆို “ဆော်လိုက်တယ်” လို့တောင် လွယ်လွယ်ပြောကြတယ်လေ။
တခြားနိုင်ငံတွေမှာတော့ အဲဒီလို နောက်ကလိုက်နေတာကို stalker (ဂျပန်လိုလည်းストーカー စတိုကာ) လို့ ခေါ်ပါတယ်။ ဒါဟာ ဥပဒေအရ ပြစ်မှုမြောက်ပြီး အတိုင်ခံရရင် ရဲက အရင်ဆုံးသတိပေးတယ်၊ ခံဝန်ထိုးခိုင်းတယ်။ ဒီလိုတားမြစ်တာကိုမှ မလိုက်နာရင် ဖမ်းဆီးပြီး ထောင်ဒဏ်၊ ငွေဒဏ် အပြစ်ပေးပါတော့တယ်။
နိုင်ငံခြားသားပုံ သူစိမ်းယောက်ျားတစ်ယောက် နေ့တိုင်း နောက်ကလိုက်နေတာ သတိထားမိတော့ ဂျပန်မလေးက ရဲကိုတိုင်တာပေါ့။ ရဲက ပထမအကြိမ် သတိပေးဖို့ပါပဲ။ ဒါပေမဲ့၊ ပတ်စပို့၊ အိုင်ဒီတွေ ဘာတွေ စစ်တဲ့အခါ ဗီဇာရက်ကျော် နေထိုင်မှန်း သိသွားပြီး ဖမ်းဆီးပြန်ပို့တဲ့အထိ ဖြစ်သွားတာပါ။ သူ့ကို ရှင်းပြတဲ့အခါ ဒါလေးများ ရဲတိုင်ရတယ်ဗျာ ဆိုပြီး တောက်တခေါက်ခေါက် စိတ်ဆိုးတယ်လေ။
သူ့စိတ်ထဲမှာ ကောင်မလေးတစ်ယောက်ကို ချစ်လို့ ကောင်လေးတစ်ယောက်က နောက်ကလိုက်ပြီး စကားပြောတာဟာ ဘာမှ မဖြစ်လောက်ဘူးလို့ ထင်ပေမဲ့ တခြားနိုင်ငံတွေမှာ ပြစ်မှုမြောက်ပါတယ်။ အဲဒီလို နောက်ကလိုက်ပြီး လူပြတ်ရင် ပြုကျင့်တာ၊ လုယက်တာတွေ ခဏခဏ ဖြစ်တယ်လေ။
နောက်ဖြစ်ရပ်တစ်ခုကတော့ ဝါဆေးဒတက္ကသိုလ်မှာ ပါရဂူဘွဲ့လွန်တက်သွားတဲ့ ဖဘမိတ်ဆွေတစ်ယောက် မြန်မာပြည်က သူတို့ ရပ်ရွာမှာ ဖြစ်ခဲ့တဲ့ အမှုအကြောင်း ပြန်ပြောတာပါ။ ရထားလမ်းဖြတ်ကူးတဲ့ ရွာကထော်လာဂျီကို ရထားတိုက်မိလို့ လူမသေ ဒဏ်ရာမရပေမဲ့ ထော်လာဂျီကတော့ အတော်ပျက်စီးသွားသတဲ့။
ရွာက လူတွေ ရထားကို ဝိုင်းအုံပြီး ရထားမောင်းသူကို လျော်ကြေးတောင်းကြတာပေါ့။ ရထားမောင်းသူကလည်း သူ့သံလမ်းပေါ် သူမောင်းတာကို အတင်းဖြတ်တဲ့ ထော်လာဂျီရဲ့ အမှားပါလို့ တောင်းပန်ဖြေရှင်းတယ်။ ဒါပေမဲ့၊ ရွာသူရွာသားတွေရဲ့ အသိမှာ “ယာဉ်ကြီးနဲ့ ယာဉ်ငယ်တိုက်မိရင် ယာဉ်ကြီးရဲ့ အမှားသာဖြစ်တယ်” လို့ပဲ စွဲနေတယ်။ ဒါကြောင့် ယာဉ်ကြီးဖြစ်တဲ့ ရထားက မှားပြီး ထော်လာဂျီက မှန်လို့ ရထားသမား လျော်ကြေးပေးရမယ်ဆိုပြီး အတင်းဇွတ်လုပ်ကြတော့ ရဲရောက်လာပြီး ပြဿနာရှင်းရတဲ့အခါ တစ်ရွာလုံး အချုပ်ထဲ ရောက်ကုန်သတဲ့။
အဲဒီလိုပဲ၊ ဖေ့စ်ဘွတ်ခ်ပေ့ချ်တစ်ခုမှာ “လူနဲ့ယာဉ်တိုက်မိရင် အမြဲတမ်း ယာဉ်ရဲ့အမှားသာ ဖြစ်တယ်” လို့ ရေးထားတာ တွေ့လို့ ကျနော် ငပွကြီး ရန်သွားဖြစ်လိုက်သေးတယ်။ အဲဒီလို လွဲမှားတဲ့ အသိပညာဟာ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်တာကြောင့်ပါပဲ၊ ကားတိုက်ခံရအောင် တမင်လုပ်ပြီး လျော်ကြေးတောင်း လုပ်စားကြသူတွေ အမေရိကားမှာတောင် ကိုယ်တွေ့ကြုံခဲ့ရပါသေးတယ်။
တခါတုန်းက နယ်ဖက်က နေရာတခုမှာ လူကူးမျဉ်းကျားက ကူးနေတဲ့ ကျောင်းသူလေးတစ်ယောက်ကြောင့် အရှိန်နဲ့မောင်းလာတဲ့ ကားတစ်စီးက မနည်း ဘရိတ်အုပ် ရပ်လိုက်ရတဲ့ ဗီဒီယိုကို ဖဘပေါ်တင်ထားတယ်။ သူသာ မရပ်လို့ကတော့ ဒီကောင်မလေး ပွဲချင်းပြီးသွားမယ် ဆိုပြီး အပြစ်တင်ဆဲဆိုထားလိုက်သေးတယ်။ အမှန်တော့၊ လူကူးမျဉ်းကျားမှာ ယာဉ်တွေက ရပ်ပေးရတာ နိုင်ငံတကာလိုက်နာရတဲ့ ယာဉ်စည်းကမ်းပဲ ဖြစ်ပါတယ်။ မြန်မာပြည်ကျမှ မျဉ်းကျားက ဖြတ်ကူးတဲ့ သောက်ကောင်မလေးဆိုပြီး အဆဲခံရရှာတယ်။
ခုထက်ထိ မြန်မာပြည်ကလူတွေ အယူလွဲနေတာကတော့ ကိုယ့်အိမ်ရှေ့က လမ်းကို ကိုယ်ပိုင်တယ်လို့ ထင်နေတာပါပဲ။ ကိုယ့်အိမ်ရှေ့မှာ သူများကား လာရပ်ရင် မကြိုက်ဘူး။ ရန်တွေ့ကြတယ်၊ လာရပ်တဲ့ ကားပေါ်ကို အမှိုက်တွေပစ်၊ ကွမ်းတံတွေးတွေ ထွေးကြတယ်၊ ဒါငါတို့နေရာ လာမရပ်နဲ့ ဆိုပြီး ဆိုင်းဘုတ်ထောင်တယ်။ အမှန်တော့ လမ်းဧရိယာဟာ စည်ပင်ပိုင်တာကြောင့် အခွန်ဆောင်ထားတဲ့ ယာဉ်တွေ ရပ်ခွင့်ရှိတယ်ဆိုတာကို နားမလည်ကြဘူး။
နောက်ပြီးတော့ ထိုင်းနိုင်ငံကနေ မင်းဂွတ်သီးတွေ ယူလာမိလို့ မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ခံဝန်လက်မှတ် ထိုးလိုက်ရတဲ့ ဆရာဝန်မတစ်ယောက်ကိစ္စပါ။ ထိုင်းကနေ ဘတ် ၁၀၀ ဖိုး၊ မြန်မာငွေ ကျပ် ၅,၀၀၀ ဖိုးလောက် မင်းဂွတ်သီးတွေအတွက် လေဆိပ်အကောက်ခွန်ဌာနက အာဏာပါဝါပြပြီး အထက်စီးက အကျပ်ကိုင်တယ်လို့ ဖဘပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။
ကုလသမဂ္ဂမှာ အလုပ်လုပ်တယ်ဆိုတဲ့ ဆရာဝန်မဟာ ဘယ်နိုင်ငံမှာ တာဝန်ကျသလဲ မသိပါဘူး။ မြန်မာပြည် ဌာနေရုံးမှာပဲ အလုပ်လုပ်တယ်ထင်ပါရဲ့။ တခြားနိုင်ငံတွေကို ကူးသန်းသွားလာနေရတဲ့သူဆိုရင် နိုင်ငံတကာ စည်းမျဉ်းဥပဒေတွေကို နားလည်ရမှာပေါ့။
နိုင်ငံတစ်ခုနဲ့ တစ်ခု ကူးသန်းတဲ့အခါ သားစိမ်း၊ ငါးစိမ်း၊ အသီးအရွက်စိမ်း၊ သစ်သီးဝလံ၊ သစ်ပင်ပန်းပင်၊ တိရစ္ဆာန်အရှင်တွေ လိုင်စင်ပါမစ် မရှိဘဲ သယ်ယူခွင့်မရှိတာ တခြားနိုင်ငံတွေမှာ ကလေးကအစ သိကြပါတယ်။ နိုင်ငံတကာ ခရီးသွားမယ်ဆိုရင် အရက်၊ စီးကရက်၊ ရေမွှေးကအစ ကန့်သတ်တဲ့ ပမာဏထက် ပိုပြီး သယ်လို့ မရပါဘူး။ (ဂျပန်ကို ဝက်အူချောင်း သယ်လို့ မရဘူးနော်။)
အသားစိမ်းနဲ့ သီးနှံတွေကြောင့် ရောဂါပိုးမွှားကူးစက်မှာ ကြောက်တဲ့အပြင် တခြားနိုင်ငံက အန္တရာယ်ရှိတဲ့ သတ္တဝါတွေ၊ အပင်တွေ ကိုယ့်နိုင်ငံမှာ ပေါက်ပွားလာမှာ စိုးရိမ်လို့ တားဆီးထားတာပါ။ အဲဒီဆရာဝန်မ တင်ထားတဲ့ ပို့စ်နဲ့ တခြားထပ်ဆင့်ဖြန့်နေတဲ့ သတင်းတွေမှာ မင်းဂွတ်သီး ဘတ်တစ်ရာဖိုး (ကျပ် ၅,၀၀၀) အတွက် မြန်မာအစိုးရအရာရှိတွေက ပြဿနာ ရှာတယ်လို့ ဆိုပါတယ်။ တကယ်တော့ စီးပွားဖြစ် ကွန်တိန်နာနဲ့ အများကြီးသယ်မှ မဟုတ်ပါဘူး။ တစ်လုံးတည်းဆိုရင်လည်း တခြားနိုင်ငံတွေမှာ အမှုဖြစ်ပါတယ်။
တိုကျို နာရိတာလေဆိပ်က လေယာဉ်စီးလာတဲ့ ဂျပန်အမျိုးသားတစ်ယောက်ဟာ ပန်းသီးတစ်လုံး ယူလာမိတဲ့အတွက် နယူးယောက် JFK လေဆိပ်မှာ ဒေါ်လာ ၅၀၀ ဒဏ်ငွေဆောင်လိုက်ရတဲ့ ကိစ္စကို ဂျပန်သတင်းမီဒီယာတွေက ပြူးပြဲ ဖော်ပြကြပါတယ်။ မျိုးစေ့အဖြစ် သုံးနိုင်တဲ့ အစေ့ရှိ သီးနှံတွေကို ယူလာရင် ပိုပြီး အမှုကြီးပါတယ်။ ကျနော့ မြန်မာမိတ်ဆွေတွေကိုလည်း ဒီကိစ္စ ပြောပြပေမဲ့ အများစုကတော့ ဖြစ်ခါမှဖြစ် သယ်ကြတာပဲ။ လေဆိပ်မှ မိလို့ အသိမ်းခံရသူတွေလည်း အများကြီးပါ။ အသိမ်းခံရတာ နှမျောပေမဲ့ ကိုယ်က ဥပဒေချိုးဖောက်လို့ ကိုယ့်အပြစ်နဲ့ကိုယ်မို့ ဘာမှ ပြဿနာမလုပ်ကြဘူးလေ။ ပြဿနာလုပ်ရင် အမှုပိုကြီးမှာ အားလုံးနားလည်တာကိုး။
တကယ်တော့၊ ကျနော်တို့ မြန်မာလူမျိုးတွေဟာ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းတွေကို နားမလည်ဘဲ ကိုယ့်စိတ်အစွဲနဲ့သာ ကိုယ်မှန်တယ်ထင်ရာလုပ်နေကြတာ တွေ့ရပါလိမ့်မယ်။
မိန်းကလေးတစ်ယောက်နောက်က တကောက်ကောက်လိုက်တာ ချစ်လို့ပါ၊ ဘာပြစ်မှုမှ မဟုတ်ဘူးလို့ ထင်တယ်။ ယာဉ်ကြီးနဲ့ ယာဉ်ငယ်တိုက်မိရင် ယာဉ်ကြီးကသာ မှားတယ်လို့ ထင်တယ်။ လူကို ကားတိုက်ရင် ကားက မှားတယ်လို့ ထင်တယ်။ လူကူးမျဉ်းကျားမှာ ကူးတဲ့လူကို ဦးစားပေးစရာမလိုဘူးလို့ ထင်တယ်။ ကိုယ်အိမ်ရှေ့က လမ်းကို ကိုယ်ပိုင်တယ်လို့ ထင်တယ်။ ကိုယ်စားဖို့ အသီးအနှံ၊ သားစိမ်းငါးစိမ်း ယူလာတာ စီးပွားဖြစ် ကုန်ကူးတာမဟုတ်လို့ ပြဿနာမရှိဘူးလို့ ထင်တယ်။ ကျပ် ၅,၀၀၀ ဖိုးလောက် မင်းဂွတ်သီး နည်းနည်းလေးကို ပြဿနာလုပ်စရာ မဟုတ်ဘူးလို့ ထင်တယ်။
တကယ်တော့ အဲဒီအထင်တွေအားလုံး မှားနေတယ်။ ထပ်ပြောရမယ်ဆိုရင် အမှားတွေကို အမှန်ထင်နေကြတယ်။ အမှန်တော့ ပြည်သူတွေဟာ အမှားနဲ့ အမှန်ကို ဝေဖန်ပိုင်းခြားနိုင်တဲ့ အသိပညာရှိဖို့ အရေးကြီးပါတော့တယ်။
Min Myat Maung