“မသာစ ဆောင် ကျောင်းစ ရှောင်” ဟူ သော ရှေးဆိုရိုး ဆုံးမစကား ရှိ၏။
” မသာစ ဆောင်”ဆိုသည်မှာ နာရေး အသုဘတို့၌ ဝေငှသည့် သံဝေဂ လင်္ကာများ ပါသော ယပ်တောင်တို့ကို ဆောင်ထားခြင်းဖြင့် ထိုယပ်တောင် ကို မြင်တိုင်း ထိုသံဝေဂ လင်္ကာတို့ကို ဖတ်မိတိုင်း”
ငါလည်း တစ်နေ့ သေရအုံးမှာပါလား” ဟု မမြဲခြင်း၊ ဆင်းရဲခြင်း၊ အစိုးမရခြင်း သဘောတို့ကို ဆင်ခြင်၍ သံဝေဂဉာဏ် ဖြစ်နိုင်သောကြောင့်တည်း။
“ ကျောင်းစ ရှောင် ” ဆိုသည်မှာ လူတို့သည် သံဃာတော်များထံမှ သွားတိုက်ဆေး၊ သွားတိုက်တံ ၊ ဆပ်ပြာခဲ၊ ဆပ်ပြာမှုန့် ၊ မျက်နှာသုတ် ပဝါ စသည်တို့ကို ရတတ်၏။
ထိုပစ္စည်းများသည် စွန့်ကြဲသော ရဟန်းတစ်ပါးတည်းသာ ပိုင်ဆိုင်သည့် ပုဂ္ဂလိကပစ္စည်းများ ဖြစ်ပါက အကြောင်းမဟုတ်သော်လည်း
သံဃိက ဂရုဘဏ် ပစ္စည်းဖြစ်ပါက ကိုယ်ကျိုးနည်းကာ ဆိုးကျိုး များစွာဖြစ်နိုင်၏။
ထိုသံဃိက ဂရုဘဏ် ပစ္စည်းများကို အသုံးပြုမိတိုင်း သံခဲတွေ၊ မီးကျီးခဲ၊ အဆိပ်သီးများကို စားသောက် ရသကဲ့သို့ ဖြစ်ရ၏။”
ဟ…ငါတို့ဘုန်းကြီးက ကျောင်းထိုင် ဆရာတော်လေ သူကိုယ်တိုင် စွန့်လို့ ယူတာ ဘာအပြစ် ဖြစ်ရမှာတုန်း ” ဟုပြောဆိုကြသူများ ရှိကြ၏။
“ကျောင်းထိုင်ဘုန်းကြီး ဖြစ်နေပါစေ” သာသနာပိုင် ဆရာတော်ကြီး ဖြစ်နေ ပါစေ သံဃနာယက ဥက္ကဋ္ဌ ဆရာတော်ကြီး ဖြစ်နေပါစေ။
“သံဃိကဂရုဘဏ္ဍာ” ပစ္စည်းများကို မိမိ သဘောထား ဆန္ဒအတိုင်း ပေးလို့မရ။ စွန့်လို့မရ။ ဝေဘန် ခွဲခြမ်းလို့မရ ။
အဘယ့်ကြောင့်နည်း…? “မစွန့်အပ် / မဝေဘန်အပ်သော သံဃိက ဂရုဘဏ် ပစ္စည်းတို့သည် ဝိနယပိဋကတ် ၌ ပါရှိခြင်းကြောင့်တည်း။
“ထိုပစ္စည်းတို့မှာ –
၁။ အာရာမ – အရံ။
၂။ အာရာမဝတ်ထု – အရံနရော။
၃။ ဝိဟာရ – ကျောင်းတိုက်။
၄။ ဝိဟာရဝတ္ထု – ကျောင်းတိုက်နေရာ။
၅။ မဉ္စ – ညောင်စောင်း။
၆။ ပီဌ – အင်းပျဉ်။
၇။ ဘိသိ – ဘုံလျို။
၈။ ဗိဗ္ဗောဟန – ခေါင်းအုံး။
၉။ လောဟကုမ္ဘီ – ကြေးအိုး။
၁၀။ လောဟဘာဏက – ကြေးအိုးစရည်း။
၁၁။ လောဟဝါတက။
၁၂။ လောဟကဋာဟ – ကြေးဖျဉ်းအိုး။
၁၃။ ဝါသိ – ပဲခွပ် (တံစဉ်း)။
၁၄။ ဖရသု – ပုဆိန်။
၁၅။ ကုဓာရီ – ဓားမ။
၁၆။ ကုဒါလ – ပေါက်တူး။
၁၇။ နိဒါဒနံ – ဆောက်။
၁၈။ ဝလ္လိ – နွယ်ပင်။
၁၉။ ဝေဠု – ဝါးပင်။
၂၀။ မုဉ္ဇ – ဖြူဆံမြက်ပင်။
၂၁။ ပဗ္ဗဇ – ပြိတ်မြက်ပင်။
၂၂။ တိဏ – ကြွင်းသောမြက်။
၂၃။ မတ္တိကာ – မြေညက်။
၂၄။ ဒါရုဘဏ္ဍာ – သစ်ဘဏ္ဍာ။
၂၅။ မတ္တိကာဘဏ္ဍ – မြေဘဏ္ဍာ။
“ဤသို့ (၂၅ ) ခု သရုပ်ပြုသော်လည်း ဆိုင်ရာ တစ်ခုချင်းကို ထပ်စိပ်သော် အမြောက်အများရ၏။
ထို့ကြောင့်… သံဃိက ဂရုဘဏ္ဍာ (၂၅) မျိုး၌ အကျုံးဝင်သည့် ဘုန်းကြီးကျောင်းဝန်း အတွင်း၌ ခရေပန်း ကောက်ခြင်း၊ ခွေးတောက်ရွက်ခူးခြင်း၊ သရက်သီးခူးခြင်း၊ ပန်းကန်ခွက်ယောက်များကို ယူခြင်း၊ ပေါက်တူး ပုဆိန် စသည်တို့ကို ယူခြင်း စသော… စသော…
သံဃိကပစ္စည်း ဟူသမျှတို့ကို အထူး သတိထား၍ ရှောင်ကြဉ်ထိုက်၏။
“အဘယ်ကြောင့်ဆိုသော်… သံဃိက ပစ္စည်း မှန်ပါက သူခိုးတစ်ယောက်က ခိုးယူသွားပြီး ထိုသူခိုးက တခြားသူ ထံ ပြန်ရောင်း…
စသည်ဖြင့် ပိုင်ရှင်အဆက်ဆက် ပြောင်းသွားသော်လည်း သံဃိက ပစ္စည်းမှန်သမျှ သံဃိကပစ္စည်း အဖြစ်၌သာ တည်နေသောကြောင့်ဖြစ်၏။
“သံဃိကပစ္စည်း အဖြစ်၌ တည်နေပါက အသုံးပြုမိကြသော သူတို့သည် သံခဲတွေ၊ မီးကျီးခဲ၊ အဆိပ်သီး တို့ကို မျိုချကာ စားရသကဲ့သို့ ဖြစ်တော့၏။
ထိုထို အကြောင်း ဖြစ်ရပ်တို့ကြောင့် ” ကျောင်းစ ရှောင် ” ဟူသော ရှေးသူတော်ကောင်းတို့၏ ဆုံးမစကားကို လိုက်နာ ဆောင်ရွက်သင့်ပေ၏။
“အထူးအားဖြင့် သာသနာ့မြေ သံဃိကမြေများကို ငါပိုင်တယ်၊ ငါတို့ ဘုန်းကြီးပိုင်တယ်၊ ငါတို့ဆွေမျိုး ဘုန်းကြီးပိုင်တယ် ဟု ပြောဆို အလွဲသုံးစားပြုကာ ရောင်းချ ငှားရမ်းနေကြသူများ အထူး သတိပြုစေလိုပါသည်။
( သံဃိကပစ္စည်း အလွဲသုံးစားမှု များသည် ဗုဒ္ဓဘာသာ မြန်မာတို့အတွက် ကပ်သဖွယ် ဆင်းရဲရခြင်း အကြောင်းတစ်ခု ဖြစ်နိုင်၏ ) သစ္စာဓမ္မ မြင်နိုင်ကြပါစေ။
Credit – အရှင်တေဇနိယ (မန်းတောင်ခြေ)