
ရန်ကုန်ဆိုတာ မြို့ယောင်ဆောင်ထားတဲ့ တောကြီး (သို့) “မြို့အတု” ကြီးပါ

ရန်ကုန်မှာ ရနိုင်တာဆိုလို့ အတုတွေပဲရှိတယ်။

ရန်ကုန်မှာနေတာ ကြာလာတာနဲ့အမျှ သတိထားမိတာ တစ်ခုက ရန်ကုန်မှာ အတုတွေပဲ ရတယ် ဆိုတာပါပဲ။ ရန်ကုန်ကို စရောက်လာပြီး နှစ်လသုံးလလောက် နေတော့ အရင်ဆုံး တောင့်တမိတာက နယ်က အစားအစာတွေကိုပါ။

ကျွန်တော်က အလယ်ပိုင်းသား ရန်ကုန်က လူတွေကတော့ အညာလို့ လွယ်လွယ် ခေါ်တတ်ကြပေမဲ့ တကယ်တော့ မြေလတ်ဒေသပါ။ အညာကသက်သက် မြေလတ်ဒေသက သက်သက် မတူဘူးဆိုတာကို ရန်ကုန်ကလူတွေ နားမလည်ပါဘူး။

အဲ့တော့ မြေလတ်သား အကြေရန်ကုန်ရောက်တော့ အလယ်ပိုင်း အစားအစာတွေကို လွမ်းမိတာပေါ့ဗျာ။

လွမ်းနေစရာ လိုလို့လား။ ရန်ကုန်မှာအကုန်ရတာပဲ ဝယ်စားပေါ့ဆိုရင် ပြောစရာဖြစ်လာပြီဗျ။ ဥပမာ အသုတ်ပေါ့။ ရန်ကုန် အသုတ်တွေကို စပြီး စားကြည့်တုန်းက တော်တော်အော်ဂလီဆန်မိတယ်။ တကယ်ပါ။

ခေါက်ဆွဲသုတ် ကြာဇံသုတ်ဆိုပြီး ရောင်းကြတယ်။ ဘယ်လိုခေါက်ဆွဲသုတ်လည်း ဆိုတော့ ခေါက်ဆွဲကို ပဲငံပြာရည်နဲ့ ကြော်ထားပြီးတော့ ဆီချက်ရယ် ဆောစ်အချဉ်ရည်ရယ် ငရုတ်သီး အကြမ်းမှုန့်ရယ် ထည့်နယ်ထားတာကို ခေါက်ဆွဲသုတ်လို့ ခေါ်တာ ခင်ဗျ။

သူတို့ကတော့ပြောကြပါတယ်။ ရန်ကုန်သုတ်ဆိုပဲ။ အဲ့လိုအသုတ်ကို အညာကရွာတွေမှာ သွားနေတုန်းက တစ်ခါ စားဖူးပါသေးတယ်။ အဲ့ရွာကလူတွေ ရန်ကုန်မပြောနဲ့။

မကွေးသားကိုတောင် အထင်ကြီးနေကြတဲ့ ရွာ။ ဒါပေမဲ့ ရန်ကုန်မှာသုတ်တော့ ရန်ကုန်သုတ်ပေါ့လေ။ အဲ့ဒါ ခေါက်ဆွဲသုတ်လို့ မခေါ်မှန်း နယ်ကလူတွေ အကုန်သိပါတယ်။

နောက်ပြီး ဒေသအစားအစာတွေ .. ရွှေတောင်ခေါက်ဆွဲတို့ ကွေ့တယို ရှမ်းခေါက်ဆွဲ စတာတွေပေါ့။ဂျင်းထည့် ထားတာတွေချည်းပဲ။ မြီးရှည်ကို ရန်ကုန်တစ်မြို့လုံး ပတ်စားဖူးတယ်။ ကြိုက်လွန်းလို့ မြီးရှည်ဆိုတာ ရှမ်းခေါက်ဆွဲကို နန်းကြီးမုန့်ဖတ် ထည့်နယ်ထားတာပဲ ရှိတယ်။ အစစ်မဟုတ်ဘူး။ သူတို့က အဲ့ဒါတွေကို ဆိုင်ကြီးတွေမှာ တင်ရောင်းတာနော်။ ဈေးကလည်း ကြီးသေး။ အစစ်လည်းမဟုတ်ဘူး။

ရန်ကုန်သားတွေ ဒေသအစားအစာအစစ်ဆိုတာ စားဖူးတဲ့သူ နည်းမယ်ဆိုတာ ပြောရဲတယ်။ လက်ဖက်ရည်ဆိုင်ထိုင်ရင် ကြိုက်တဲ့လက်ဖက်ရည်မှာလိုက်။ အချိုနည်းတာ များတာပဲကွာတယ်။ ရော်ဖျမ်း ရမ်းဖျော်တွေချည်းပဲ။ ပျစ်ခါးတို့ နှင်းဆီတို့ သွားမမှာနဲ့။ ကြားတောင် မကြားဖူးဘူး။

ရန်ကုန်က ပဲနံပြားဆိုတာ အံ့ဩစရာ။ နံပြား အချပ်လိုက်ကြီးနဲ့ စားတော်ပဲထည့်ထားတဲ့ ပန်းကန်လေး လာချပေးတာဗျာ။ ‘ဟာ မင်းတို့ ပဲနံပြားကြီးက ဘယ်လိုကြီးလဲဟ’ ဆိုတော့။ ‘ဒါ .. ရန်ကုန်ပဲနံပြားကွ’ ဆိုပဲ။

မသိရင် ကိုယ်ကပဲ တောသားလိုလိုနဲ့။ နယ်မှာ ပဲနံတစ်ပွဲရဖို့ ပဲကိုနှပ်ရတယ်။ ဆီနဲ့ သကြားနဲ့ ဆားနဲ့ အချိုးကျ သမအောင်မွှေနှပ်ပြီး နံပြားပေါ်မှာသုတ် လိပ်ပြီး ကတ်ကြေးနဲ့ ကိုက်ပေးတာ။

ရန်ကုန်မှာကတော့ ပဲပြုတ်သည်ဆီက ဝယ်ထားတဲ့အတိုင်းပဲ။ ထည့်ပြီးချပေးတာ ဆီတောင် တခါတလေမှ ပါတယ်။ ဂျင်းထည့်ခံနေရတာကို ဂုဏ်ယူနေကြတဲ့ ကောင်တွေ။

နန်းကြီးသုတ် No တစ်ဆိုင်မှ မကောင်းဘူး။ အုန်းနို့ခေါက်ဆွဲ ဘယ်မှာမှ မရဘူး။ နောက်တော့လည်း သဘောပေါက်လာတယ်။ ရန်ကုန်မှာက အစားအစာတွေကို အမယ်တွေ ပုံပေးပြီး အထက်တန်းစတိုင်နဲ့ ဂျင်းထည့်နေတယ်ဆိုတာကို။

အဲ့ဒီ ဂျင်းဆိုင်တွေကို သွားဝယ်စားရင် ဆိုင်ရှင်တွေက မျက်နှာရှစ်ခေါက်ချိုးတွေနဲ့ မသိရင် သူတို့ဆီမှာ လာတောင်းစားနေတာလိုလို။ အဲ့ဒါ ရန်ကုန်စတိုင်ပဲ။

မြန်မာပြည်နေရတာ အဲ့တစ်ချက်လည်း အတော်စိတ်ပျက်ဖို့ ကောင်းတယ်။ ကြာတော့လည်း အဲ့ဒီမဟုတ်ကဟုတ်က အစားအစာတွေနဲ့ နေသားကျလာတယ်။

ရန်ကုန်မှာ သိပ်ပြီး အပြင်ထွက် မစားဖြစ်တော့ဘူး။ ပိုက်ဆံစုတယ်။ နယ်ပြန်မှ အဝ ပတ်စားတယ်။ အစစ် စားရတယ်။ တန်တယ်။

ဈေးကြီးတာကို မပြောလိုပါဘူး။ တန်အောင် အစစ်လေးတော့ လုပ်ရောင်းသင့်တယ်။ နောက်တစ်ချက်က နယ်မှာ ရန်ကုန်ဆိုပြီး ဆိုင်းပုဒ်တပ်ထားတဲ့ဆိုင်ဆို လှည့်ကို မကြည့်တော့တာ။

ရန်ကုန်လေသံဆိုတာ ရှိသေးတယ်။ ခပ်ချွဲချွဲပျစ်ပျစ် အသံကို ပြောတာ။ ယောက်ျားလေးဆို လူကြည့်တော့ ကျားကျားယားယားနဲ့။ နွဲ့နှောင်းချွဲပျစ်နေတာ။ အစကတော့ အော်ဂလီဆန်တယ်။ နောက်တော့လည်း အသားကျသွားပြန်ရော။

သူတို့က အညာသံပေါက်ရင် သိပ်သိတာဗျ။ စကားအသုံးအနူန်း တချို့ကလည်း မတူပြန်ဘူးလေ။ ကျွန်တော့်ဆို တောသားအသံနဲ့တဲ့။ ဪ .. ကျွန်တော်မှ စကားကို ဟိုမရောက်ဒီမရောက် မပြောတတ်တာ။ စကားပြောရင် ဒဲ့ပဲ။ သူတို့ အသုံးအနူန်းတွေက ဟိုလိုလို ဒီလိုလို သိပ်လျှို့ဝှက်ချက်များတယ်။

ကျွန်တော်က လူကဲခတ်တာရော မကောင်းမြင်တတ်တဲ့ ဗီဇကလည်း ရှိနေတော့ ရန်ကုန်သားဆို မယုံလို့ သိပ်မပေါင်းဖြစ်တော့ဘူး။

ရန်ကုန်သားတွေရဲ့ ထူးခြားချက်က သူတို့အိတ်ထဲမှာ တစ်ထောင်တန် နှစ်ရွက်နဲ့ နှစ်ရာတန် တစ်ရွက်ထက် ပိုမရှိတာပဲ။

အေတီအမ်ကဒ်တွေ Shopping Centre Gift Card တွေတော့ အများကြီးပဲ။ ဒါပေမဲ့ အဲ့ဒီ အေတီအမ် ကဒ်တွေထဲမှာ တစ်ထောင်ထက် ပိုမရှိတတ်သလို Gift Card တွေက သုံးလို့မရသေးဘူးကွလို့ပဲ ပြောလေ့ ရှိပါတယ်။ မယုံရင် အနီးနားက ရန်ကုန်သားတစ်ယောက်ရဲ့ ပိုက်ဆံအိတ်ကို လှပ်ကြည့်လိုက်ပါ။

ဒါပေမဲ့ သူတို့က ပိုက်ဆံမရှိပေမဲ့ အမြဲတမ်း သပ်ရပ် သန့်ပြန့်နေအောင်ဝတ်စားထားတတ်ကြပါတယ်။ သူတို့နဲ့ အတူတူ တစ်ဆိုင်ဆိုင်မှာ စားရင် ဝိတ်တာက သူတို့ဆီက ပိုက်ဆံရှင်းဖို့စောင့်ပါတယ်။

တကယ်ရှင်းတာက တခြားတစ်ယောက်ပါ။ သူတို့ Brand တစ်ခုခုဝတ်ထားရင် အတုဖြစ်ဖို့ များပါတယ်။ ဒါပေမဲ့ သွားမပြောပါနဲ့။ ရန်ကုန်မှာ အတုပဲ ဝတ်ပါတယ်။

နောက် ထူးခြားချက်တစ်ခုက အမြဲလိုလို ပိုက်ဆံပြတ်နေတာမျိုးပါ။ လမကုန်သေးရင် လကုန်မှ။ လကုန်နေရင် နောက်လမှ အဒေါ်ဆီက ဦးလေးဆီက ရမှာ ဆိုတာမျိုး အမြဲပြောလေ့ရှိပါသေးတယ်။ ဘယ်တော့မှလည်း ရတယ်လို့ မကြားဖူးပါဘူး။

ပိုက်ဆံလည်း အရမ်းချေးပါတယ်။ ရန်ကုန်လေသံဆိုတာ ပိုက်ဆံချေးတဲ့နေရာမှာတော့ အရမ်း အသုံးဝင်ပါတယ်။ ချွဲနွဲ့ အီညှစ်ပြီးတော့ သနားစဖွယ်ကို ချေးတာမျိုးပါ။ အပြင်မှာသာ အချေးခံရရင် သေပြီပဲ။ မရမချင်းကို ကပ်တွယ် ချွဲပျစ်ပြီးတော့ကို ချေးတာမျိုးပါ။

ဘေးကကြားရင် ယောက်ျားချင်းကြိုက်နေတာလိုလို နောက်ဆုံး မချေးနိုင်ဘူး ဆိုရင်တောင် အပြန်ကားခတော့ ပါအောင် တောင်းသွားတတ်ပါတယ်။ ဖုန်းဘေလ် ဖြည့်ခိုင်းတာမျိုးကတော့ ရိုးသွားပါပြီ။

အေဘီစီတို့ စီးတီးမတ်တို့ Store တွေအများကြီး ရှိရင်တောင် သူတို့နားမှာ မဖွင့်ဖို့ များပါတယ်။ ရန်ကုန်သားဆိုပေမဲ့ ဖုန်းဘေလ်ဖြည့်ပေးမယ့် အသိမိတ်ဆွေက ရန်ကုန်မှာ တစ်ယောက်မှ မရှိပါဘူး။

နယ်ကလူတွေပဲ ရှိပါတယ်။ ရန်ကုန်သားတွေဟာ လမ်းမလျှောက်ချင်ကြပါဘူး။ ဘယ်သွားသွား တက်စီနဲ့သွားချင်ကြပါတယ်။ ဒါပေမဲ့ တက်စီခ သူတို့ ပေးမှာတော့ မဟုတ်ပါဘူး။

သူတို့ရှိရာနေရာကို လာမယ်ဆိုရင် မှတ်တိုင်တွေ ဘာတွေ သိပ်မညွှန်တတ်တာ များပါတယ်။ တက်စီနဲ့ပဲလာခိုင်းပါတယ်။ သူတို့ဟာ သူတို့တော့ လိုင်းကား တိုးစီးပါတယ်။

ဘာပဲပြောပြော လူရှိန်တာပေါ့။ ဘယ်မှလည်း လိုက်မပို့ချင်ကြပါဘူး။ တနေရာရာကို လိုက်ပို့ခိုင်းရင် အဖေ အမေက တစ်ခုခု ခိုင်းထားပြီလို့သာ မှတ်လိုက်ပါ။ အိမ်ထဲက အိမ်ပြင်တောင် လိုက်ပို့မယ် မထင်ပါနဲ့။ အကူအညီဆိုရင် ဝေး။ ဖုန်းတောင် မကိုင်တော့ဘူး။

အဆောင်တိုက်ခန်းလို့ ခေါ်တဲ့ အိမ်အတုတွေ ကိုယ်လိုချင်တာ ရဖို့အတွက် အပြုံးအတုတွေ ငွေပေးမှရတဲ့ ပျော်ရွှင်မှုအတုတွေ စိတ်ထဲကမပါတဲ့ စကားသံအတုတွေ မက်မောမှုတွေနဲ့ အချစ်မေတ္တာအတုတွေ။

စက်ရုပ်တွေလို နိစ္စဓူဝ လည်ပတ်နေတဲ့ လူအတုတွေ ညနက်နက် နီယွန်မီးရောင်တွေနဲ့ အလွမ်းအတုတွေ ဖော်ရွေမှုအတုတွေ ကြိုဆိုမှုအတုတွေ ချောက်ချတတ်တဲ့ ကူညီမှုအတုတွေ။

ရန်ကုန်မှာ နေနေရလို့ ပျော်နေရမယ်မထင်ပါနဲ့။ အစားအသောက်အတု အသုံးအဆောင်အတု အသိုင်းအဝိုင်း အတု သူငယ်ချင်းအတု ယောက်ျားအတု မိန်းမအတု အတုတွေ များလွန်းလို့ အတုစော်နံပြီး မွန်းကျပ်ဖို့ ကောင်းတဲ့ မြို့ကြီးပါ။

ရန်ကုန်မှာ အစစ်ဆိုတာ မရှိသလောက် ရှားတယ်။ ဒါကြောင့်လည်း အစစ်တွေကို လွမ်းလို့ အိမ်ပြန်ချင်နေကြရှာသူတွေ ချည်းပါပဲ။

အကယ်၍များ တစ်ယောက်ယောက်ကများ ရန်ကုန်မှာ ပျော်တယ်လို့ ပြောလာခဲ့ရင် သူလည်း အတုတွေကြားထဲမှာ ဝါးမြိုခံလိုက်ရတဲ့ လူအတု ဖြစ်နေလောက်ပြီပေါ့ဗျာ။

ကျွန်တော့်အတွက်တော့ ရန်ကုန်ဆိုတာ မြို့ယောင်ဆောင်ထားတဲ့ တောကြီး (သို့မဟုတ်) ”မြို့အတု” ကြီးပါပဲ။

Crd