ငွေယူတဲ့သူနဲ့ ငွေချေးတဲ့သူများ သိထားသင့်တဲ့ ယုံကြည်အပ်နှံ စာချုပ်၊ ငွေချေး စာချုပ်နှင့် နောက်ဆက်တွဲများ ( ကိုယ်တွေ့ အတွေ့အကြုံ )
ယုံကြည်အပ်နှံပဲ ပြောပြော.. ငွေချေးတယ် ပဲ ပြောပြော.. Share ခေါ်တယ် ပဲ ပြောပြော.. ကိုယ့်ငွေ သူများကို ပေးလိုက်တဲ့နောက် ပြန်မရတဲ့အခါ ဥပဒေရဲ့ အကာအကွယ်ကို ယူကြတယ်။ အဲတော့လောလောဆယ် ဥပဒေ ကြောင်းအရ ဘယ်လိုတွေ ရှိလဲဆိုတာ ပြောပြမယ်။ ဥပဒေပညာရှင်မဟုတ်တော့ ဥပဒေ ပညာရှင်အမြင်နဲ့မဟုတ်ပဲ ကြုံရတဲ့ ကြုံနေရတဲ့
အဖြစ်အပျက်တွေနဲ့ ယှဉ်ပြီး ပြောပြမယ်။ ၁။ ယုံကြည်အပ်နှံစာချုပ်နဲ့ ငွေချေးတာ.. ငွေချေးတာဟာ ဥပဒေအရ ဘောင်မဝင်ဘူး ဆိုတဲ့ ဘယ်သူထိုးလိုက်တဲ့ ဆေးကြောင့်လဲတော့မသိဘူး.. ဒီနောက်ပိုင်း ငွေချေးရင် ယုံကြည်အပ်နှံ စာချုပ်နဲ့ တော်တော်များများက ငွေချေးကြတယ်။ ယုံလို့အပ်ထားပါတယ်ပေ့ါ။ ပြန်ပေးရင်ပေး မပေးရင် အလွဲသုံးစားမှုနဲ့စွဲမယ်ပေါ့။ ပုဒ်မ ၄၀၆, ၄၀၇, ၄၀၈ နဲ့ စွဲဖို့ရည်ရွယ်တယ်။ ဒါပေမယ့် အဲဒီစာချုပ်ဟာ
စလာကတည်းက ပြဿနာ ရှိတယ်။ ဘယ်လို ပြသနာ လဲဆိုတော့ စာချုပ် ချုပ်ရင် ဖြစ်စဉ်ဆိုတာရှိတယ်။ အဲဒီ ဖြစ်စဉ်ဟာ အမှန်ဖြစ်ရတယ်။ ခုက ငွေချေးတာကို ယုံပြီး အပ်ထားတယ်လို့ လိမ်ပြီး ချုပ်ဆိုတယ်။ အရင်က အဆင်ပြေပေမယ့် အခုတော့ ရဲသွားတိုင်ရင် ရဲက အလွယ်တကူ အမှုမဖွင့်ပေးဘူး။ ဖွင့်ပေးတယ်ထား တရားစွဲလို့ရုံးရောက်တဲ့ အခါ တဖက်ရှေ့နေက ခင်ဗျားနဲ့ သူနဲ့ အမျိုးလဲမတော် ကျေးဇူးခံကျေးဇူးစားလဲမဟုတ်
ဘာမှလဲမဆိုင်ပဲနဲ့ ဘဏ်တွေ ဒီလောက်များနေလျှက်နဲ့ဘာလို့ သူ့ဆီမှာ ငွေအပ်ထားတာတုန်း ဆိုရင် ကိုယ့်ဆီမှာဖြေရခက်မယ်။ ဘာလို့လဲဆိုတော့ အပ်ထားတာမှ မဟုတ်တာ ချေးထားတာကိုး။ အဲတော့ ယုံကြည်အပ်နှံဟာ ပြဿနာ ရှိတယ်။ လွတ်အောင် ချုပ်လို့တော့ရတယ်။ ပညာခန်းတွေမို့ ကိုယ့်ရှေ့နေသာကိုယ်မေးကြည့်တော့။ ၂။ ငွေချေးစာချုပ်ဖြင့် ချေးငှားခြင်း.. ဒါက ကျတော့ ဖြစ်စဉ်အရ
အဆင်ပြေတယ်။ ငွေချေးတယ်။ ယုံကြည်အောင်ပြောတယ်။ ချေးလိုက်တယ်။ ပြန်မရဘူး။ အဲဒါဆိုရင် ၄၂၀ နဲ့ စွဲလို့ရတယ်။ ဒါပေမယ့် ပြဿနာက ဘာဖြစ်သတုန်း ဆိုတော့။ ၄၂၀ က အာမခံရတယ်။ လူတွေက ပိုက်ဆံပြန်မရရင်ဒေါသထွက်တယ် မဟုတ်လား။ အဲတော့ ငွေချေးတဲ့သူကို အချုပ်ထဲ ထည့်ချင်တယ်။ အာမခံမရ စေချင်ဘူး။ အဲတော့ ၄၂၀ နဲ့အမှုဖွင့်ရမှာကို အဆင်မပြေဘူး။ နောက်ပြဿနာတစ်ခု က ၁၉၄၅ ငွေချေး ဥပဒေ။
အဲဒီ ဥပဒေ အရ လိုင်စင်မတင်ထားတဲ့ သူဟာ ငွေချေးလို့မရဘူး။ ချွင်းချက်အနေနဲ့ ဘာရှိလဲဆိုတော့ တစ်ခါတစ်ရံ ကူညီသော သဘောဖြင့် ချေးယူလို့ရတယ်။ ဒါပေမယ့် ငွေချေးခြင်းကို စီးပွားဖြစ်လုပ်ကိုင်မယ်ဆိုရင် လိုင်စင်တင်ရမယ်။ မတင်ရင် ချေး လို့မရ။ ချေးရင် ငွေဒါဏ် ထောင်ဒါဏ်ထိမယ်။ အဲလို ဆိုတယ်။ အဲတော့ ကိုယ်က ငွေချေးစာချုပ်လေး ချုပ်ထားပြီး ငွေချေးတယ်။ ဒါပေမယ့် ဟိုလူ့ကိုလဲ ငွေချေးပြန်မရလို့
ဖေ့စဘွတ်မှာတက်ဆဲ ဒီလူ့ကို လဲ ငွေပြန်မရလို့ တက်ဆဲ ပြန်ရရင်တော့ ချစ်မမ တေ ချစ်ညလေး တွေ လုပ်တဲ့ သူတွေက စီးပွားဖြစ်ငွေချေး ပါတယ်ဆိုတဲ့ ခေါင်းစဉ်အောက်ရောက်သွားပြီး ၁၉၄၅ ငွေချေး ဥပဒေ နဲ့ ငြိနိုင်တယ်။ တရားရုံးပေါ်ရောက်လို့ ကျွန်မ ကတကယ်ကူညီထားတာပါလို့ ပြောရင် တစ်ဖက်ရှေ့နေက ဒီက Screen Shot တေက အပျင်းပြေ ကြည်စယ် တာတော့ မဟုတ်ဘူးထင်တယ်ဆိုရင် ပြဿနာ
တက်မယ်။ အပေါ်ကလိုပဲ လွတ်အောင် လုပ်လို့ရတယ်။ ပညာခန်းတွေရှိတယ်..။ သွားမေးကြချေ။ (မှတ်ချက် – ငွေချေး ဥပဒေကြောင့် ပြန်တရား အစွဲခံရတဲ့ စီရင်ထုံး လောလောဆယ် နှစ် ၂၀ အတွင်း မတွေ့သေးဘူး) 3။ Share ခေါ်တာ.. သူက ဘယ်လို လဲဆိုတော့ ငွေ လစဉ်ရတာ ရှိတယ်။ ဒါမှမဟုတ် အကျိုးအမြတ်အတက်အကျနဲ့ သွားတာရှိတယ်။ ဘယ်လို သွားသွား ထည့်တဲ့ Share ဟာ လူကို ပေးတာပါ
(ဆိုလိုတာက ငွေချေးတာ မျိုး) ဆိုတဲ့ သဘောပါရင် Share စာချုပ်မဟုတ်ဘူး။ Share စာချုပ်ဆိုတာ ကိုယ်က ငွေစိုက်တယ် သူက လူစိုက်တယ်။ အကျိုးအမြတ်ခွဲတဲ့နေရာမှာ အမြတ်ကို ရာခိုင်နှုန်းနဲ့ခွဲတယ် ဆိုတာပဲ ဖြစ်ရမယ်။ အဲလိုမဟုတ်ရင် ပြဿနာ ရှိတယ်။ ဒါပေမယ့် သူက ကျတော့ အလွဲသုံးစားနဲ့တိုင်လို့ရတယ်။ ကိုယ်က သူ့ကို စီးပွားရေးလုပ်ပေးပါဆိုပြီး အပ်ထားတာ ကိုး။ အဲဒါကို သူက သူ့အတွက်
သုံးပစ်လိုက်တယ်ဆိုတာ ထင်ရှားပြနိုင်ရင် အလွဲသုံးစားနဲ့ တိုင်လို့ရတယ်။ ၄၂၀ နဲ့တိုင်လို့ရတယ်။ အာမခံ ရ မရ ဆိုတာကတော့ တိုင်တဲ့ ရဲစခန်းပေါ်မူတည်တယ်။ သူ့ရဲ့အားနည်းချက် ကတော့ တစ်ဖက်က လွတ်အောင် ရှောင်တတ်ရင် တရားမ ကြောင်းအရပဲ သွားလို့ရတယ်။ ကြာတယ်။ နောက်အလီလီခွဲပြီး ပြန်ရမယ်။ အဲတော့ ကျွန်တော်တို့ ဘယ်လို စာချုပ်မျိုး ချုပ်လဲ ဆိုရင်။ အဆင်ပြေသလို ချုပ်တယ်လို့ ပြောရမှာ
ဖြစ်တယ်။ အခြေအနေနဲ့ အကိုက်ဆုံး နောက် အဖြစ်နိုင်ဆုံး ဆုံးရှုံးမှု အနည်းနိုင်သမျှ အနည်းဆုံးပုံစံနဲ့ ချုပ်တယ်။ ချုပ်တဲ့အခါ တရားဥပဒေကို ဘယ်လို အကာအကွယ်ယူမလဲ ဆိုတာအပြင် သူ့ဖက် ကိုယ့်ဖက် မျှတဖို့နဲ့ ခိုင်မာဖို့ကိုပါ ထည့်စဉ်းစားတယ်။ အရေးအကြီး ဆုံးကတော့ Dispute Strategy (အကြွေးတောင်းမယ့် မဟာ ဗျူဟာ ခေါ်ရမယ်ထင်တယ်) အဲဒါကို သေချာ ဆွဲထားပြီး အဲအပေါ်မှာ အဆင်ပြေမယ့် စာချုပ်ကို ချုပ်တယ်။ အဲတော့ ငွေပေးမယ်ဆိုရင် အဲလို လေးတွေ စဉ်းစားပြီး ပေးစေချင်တယ်။
(Myo Mya Swe Tun)