မန်မာနိုင်ငံ စားသောက်ကုန် ရောင်းချနေသည့် ဈေးဆိုင်များ၏ ၉၅ ရာခိုင်နှုန်းကျော် လောက်တွင် ကျယ်ပြန့်စွာ သုံးစွဲနေ သော တရုတ် အစားအစာနှင့် ယခုနောက်ပိုင်း ယိုးဒယား၊ ဂျပန်၊ ကိုရီးယား စားသောက် ဖွယ်ရာ၊ ရှမ်းစားစရာများ အားလုံးအတွက် စားသောက်ရာတွင် အသုံးပြု နေသော တစ်ခါသုံး ဝါးတူ (Chopsticks) သုံးစွဲခြင်းကြောင့် ကူးစက်ရောဂါ ကင်းစင် နိုင်တယ်။
စားသောက်မှု အတွက် အန္တရာယ် ကင်းတယ် လို့ ယူဆလာကြ ရာကနေ တစ်နိုင်ငံ လုံးမှာ တွင်တွင်ကျယ်ကျယ် သုံးစွဲလာနေတာ တွေ့နိုင်ပါတယ်။
အမှန်တော့ တစ်ခါသုံးဝါးတူ သုံးတိုင်း အန္တရာယ် ကင်းတယ်ဆိုတာ မဟုတ်ပါ ဘူး။
ဒါကလည်း ကြည့်လိုက်ရင် ဖြူဖြူ၊ ဝါကြင်ကြင် အရောင်လေးတွေ ရှိတဲ့ ဝါးတူကို ဘယ်လို ထုတ်လုပ်ပြီး ဈေးကွက်ထဲ မပို့ခင် ဘာတွေသုံးပြီး ဘယ်ချွတ် ဆေးတွေ သုံးတယ်ဆိုတာ မသိကြတာကြောင့်လည်း ဖြစ်ပါတယ်။
ဝါးတူတွေပြု လုပ်တဲ့အခါ ဝါးတူ ပြုလုပ်တဲ့ စက်ရုံတွေမှာ ပထမဦးဆုံးဝါး တူအရွယ်အရှည် လေးတွေရအောင် ဝါးတွေကို ဖြတ်တောက် ကြပါတယ်။
ပြီးရင် စက်ထဲထည့်ပြီး တူတံအကြမ်း ထည်အချောင်း လေးတွေဖြစ်အောင် လေးထောင့်ပုံ အချောင်း လေးတွေ စိတ်လိုက်ပါတယ်။
အဲဒီတူတံ အကြမ်းထည် လေးတွေကို ခြောက် သွားအောင် အပူခန်းထဲမှာ မီးကင်ပါတယ်။
ခြောက်သွားတဲ့ တူတံအကြမ်း ထည်လေးတွေကို ဖြူသွားအောင် အလွယ်တကူ မှိုမတက် နိုင်အောင် လုံခြုံအောင် ဖုံးအုပ်ပြီးပဲ ဖြစ်ဖြစ်၊ အလုံပိတ် မှန်လုံခန်းထဲမှာပဲ ဖြစ်ဖြစ်ကန့် (Sulphur) ဓာတ်ငွေ့နဲ့ ပေါင်းတင် သလိုမျိုး ဓာတ်ငွေ့တိုက် ပေးပါတယ်။
အဲဒီလို ကန့်ငွေ့တိုက်တာ ၄၈ နာရီနီးပါး ကြာကြောင်း သိရပါတယ်။
ဒီလိုလုပ်ခြင်း အားဖြင့် တူတံလေးတွေ အရောင်စွဲ နေရာကနေ ဖြူဖွေး လာပေမယ့် အဲဒီတူတံတွေမှာ ဆာလဖာဒိုင် အောက် ဆိုက် (Sulphur dioxide) စွဲကပ် ကျန်နေခဲ့မှာ သေချာပါတယ်။
ဒီလိုကန့်ငွေ့နဲ့ ပေါင်းတင် အရောင်ချွတ်ပြီးသား တူချောင်းပုံ အကြမ်းတွေကို ပုံဖော်စက်ထဲ ထည့်ပြီး ပုံဖော်ရ ပါတယ်။
တူချောင်း ပုံသဏ္ဌာန် ပေါ်သွားတဲ့ ဝါးတူလေးတွေကို ပြောင်ချော၍ လှသွားအောင် အရောင်တင်စက် ထဲထည့်ပြီး ရေနံဖယောင်း (Paraffin)နဲ့ အရောင်တင် တိုက်ပေးပါတယ်။
အဲဒီအချိန်မှာလည်း ရေနံ ချက်ရာက ရရှိသော ဘေးထွက် အပိုပစ္စည်း ရေနံဖယောင်းထဲမှာ Polycyclic aromatic hydrocarbon ဖြစ်တဲ့ ကင်ဆာ ဖြစ်စေနိုင်သော ဓာတ်တွေ ပါရှိပါတယ်။
အဲဒီအရောင် တင်ပြီးသား တူတံတွေကိုတော့ ပလတ်စတစ် အိတ်တွေနဲ့ ထုတ်ပြီး ဖြန့်ချိပါ တော့တယ်။ စက်ရုံတွေမှာ ဒီလိုတူတံတွေ ထုတ်တဲ့အခါ မှိုတက်ပြီး အရည်အသွေးမမီ အရောင် မည်းညိုနေတဲ့ တူတွေကို စက်ရုံတွေက ထုတ်လုပ်မှု စရိတ် အရှုံးမခံနိုင်တဲ့ အတွက် Hydrogen peroxide ဆေးရည်တွေပါတဲ့ အရည်ထဲ ထည့်ပြုတ်ပြီး ဖြူသွားအောင် လုပ်ကြ ပါတယ်။
အချို့ဆိုလျှင် ပိုဖြူသွားအောင် Sodium pyrophosphate တွေပါ ထည့်ပြုတ် ကြောင်းသိရပါတယ။
အဲဒီလို ဓာတုပစ္စည်းတွေ သုံးပြီး စီးပွားရေး မျက်နှာ တစ်ခုတည်းသာ ကြည့်ပြီး ထုတ်လုပ်ခဲ့တဲ့ တူတွေမှာ ဓာတုကြွင်းကျန် ကပ်ငြိပစ္စည်းတွေ ကပ်ကျန်နေတာ အသေအချာပဲ ဖြစ်ပြီး တူတံတွေ ထုတ်လုပ်ကြတဲ့ ဘယ်စက်ရုံကမှ ကြွင်းကျန် ဓာတုပစ္စည်း တွေကို ပြန်လည် သန့်စင်ပေးတာ စိတ်ချရအောင် ဆောင်ရွက် တာမျိုး မရှိကြောင်း သိရ ပါတယ်။
ဒီလို တူတံတွေကို မြန်မာနိုင်ငံနှင့် ကပ်လျက် တရုတ်နိုင်ငံ ယူနန်ပြည်မှာ အများဆုံး တွင်ကျယ်စွာ ထုတ်လုပ်ပြီး မြန်မာပြည်ထဲကို ဈေး ကွက်တင် ရောင်းချနေ တာပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ အတွင်း တင်သွင်းလာတဲ့ စားသောက်ကုန် များကိုတော့ ကျန်းမာရေး ဝန်ကြီး ဌာနမှ စစ်ဆေးပြီး ဘေးထွက် ဆိုးကျိုးနှင့် အန္တရာယ်ရှိ၊ မရှိ စစ်ဆေးလျက် ရှိပါတယ်။
သို့သော်လည်း အစားအသောက်များကို တိုက်ရိုက် သယ်ယူ စားသုံးနေတဲ့ တူတံတွေကိုတော့ တစ်ခါမှ စစ်ဆေးတာ မကြားမိပါဘူး။
ဒါ့ကြောင့်လည်း နာမည်ကြီး ဟိုတယ်ကြီး တွေမှာ စတီး တူတံလေးတွေ၊ ငွေတူ တံလေးတွေသာ ချထားပေးတာ သတိထား မိပါတယ်။
ဒါမျိုးတွေက ရေနွေးနှင့် ပြုတ် ပိုးသတ်ပြီး သုံးစွဲလျှင် ပိုအန္တရာယ် ကင်းနိုင်ပါတယ်။
အခုခေတ် အနေ အထား အရ နာမည်ကြီး စားသောက်ဆိုင်တွေ အပါအဝင် လမ်းဘေး ညနေခင်းထွက် ဈေးဆိုင်အဆုံး အထက်ပါ ဝါးတူတွေကို နေရာအနှံ့ သန့်ရှင်း စင်ကြယ်တဲ့ စားသုံးရာမှာ အန္တရာယ်ကင်း တူတံတွေ အဖြစ် ကျေနပ် ဝမ်းမြောက်စွာ လက်ခံ သုံးစွဲနေကြတာ တွေ့နေရသည့် အတွက် တစ်ခါသုံး ဝါးတူ သုံးစွဲတိုင်း အန္တရာယ်မရှိ ဘေးကင်းတယ်လို့ ထင်နေမယ့် အထင်လွဲ နေတာတွေ မဖြစ်စေဖို့ ရေးသား လိုက်ရပါသည်။ ။
Credit: မေချို(ထားဝယ်) – မြဝတီa