
အပတိရူပဒေသ ရန်ကုန် (သို့) ရန်ကုန်မှာ လုံးဝမနေသင့်တဲ့ အကြောင်းအရင်း (၆) ချက်

နိုင်ငံခြားမှာ အနေကြာပြီး၊ မြန်မာပြည်ပြန် အခြေချတော့မယ်ဆိုရင် တစ်ခြားမြို့တွေကို စဉ်းစားပါ။ ရန်ကုန်ကို ရှောင်ပါ။ ရန်ကုန်မှာ မနေသင့်တဲ့ အကြောင်း (၆) ချက်ကို တင်ပြပေးလိုက်ပါတယ်။

(၁) ရာသီဥတု – ရန်ကုန်ရဲ့ ရာသီဥတုက အညာဒေသထက် ဆိုးပါတယ်။ နွေမှာ ၄၀ ဒီကရီ အထက်ကို ပူတဲ့အပြင် ရေငွေ့ (စိုးထိုင်းဆ) များလွန်းတော့ အသားကို အပ်နဲ့ထိုးသလို ပူပါတယ်။ အညာမှာတောင် အရိပ်ထဲဝင်ရင် အပူသက်သာပေမယ့် ရန်ကုန်မှာတော့ မသက်သာပါဘူး။

အိမ်တွေ၊ တိုက်တွေ ကျပ်နေလို့ လေကလည်း မတိုးတော့ ပိုဆိုးပါတယ်။ မိုးကျတော့လည်း တစ်ပါတ် ၄ ရက်လောက် ရေကြီးပါတယ်။ ရေကြီးလို့ မြောင်းကျွံတာ၊ ဓါတ်လိုက်တာနဲ့ သေကြတာလည်း မေးဦး။

စိုထိုင်းဆများလွန်းတော့ အိမ်မှာနေရတာကိုက Wet Market ထဲရောက်နေသလိုပါပဲ။ အိမ်နံရံတွေ၊ သစ်သားပရိဘောဂတွေမှာ မှိုတွေတက်လာတတ်ပါတယ်။ နိုင်ငံခြားပြန်တွေ အသည်းအေးအောင် ကြောက်တဲ့ မှိုပါ။ ဒါတွေသိပ်မဖြစ်ပဲ နေလို့အဆင်ပြေတယ်ဆိုတဲ့ ဆောင်းရာသီကတော့ တစ်နှစ်ကို ၂ လ ထက် မပိုတော့ပါဘူး။

(၂) နိစ္စဓူဝ ရှင်သန်ချိန် – လူတွေဟာ တစ်နေ့ကို ၈ နာရီ အိပ်တယ်ထားပါတော့။ ဒါဆိုရင် ၁၆ နာရီ ရှင်သန်ချိန်ရပါတယ်။ ရန်ကုန်ကလူသားတွေဟာ တစ်နေ့ကို ၁၁ နာရီ လောက်ပဲ ရှင်သန်ချိန်ရပါတယ်။ ၅ နာရီက လမ်းပေါ်မှာ ကားကျပ်နေလို့ အချိန်ကုန်သွားကြလို့ပါ။

ဒီတော့ တစ်နေ့ ၉ နာရီ ဝမ်းရေးအတွက် အလုပ် လုပ်မယ်ဆိုတဲ့သူအတွက်၊ မိသားစု၊ ကိုယ့်ကျန်းမာရေး၊ လေ့လာသင်ယူရေး၊ ဘာသာရေး စတာတွေအတွက် ၃ နာရီပဲ အချိန်ရပါလိမ့်မယ်။ အလုပ်ကအပြန် GYM သွားမယ်။

ပြီးရင် အမေ့အိမ်ဝင်မယ်။ အိမ်ပြန်ရောက်ရင် စာနည်းနည်းဖတ်မယ်။ ဆိုတာမျိုးကတော့ ဆုကြီးကြီးတောင်းတောင် မရနိုင်ပါဘူး။ အလုပ်ကပြန်ရင် အိပ်ချိန်နီးနေပါလိမ့်မယ်။ မနက်လည်း စောစော ထရဦးမယ်လေ။ အလုပ်ကို ၉ နာရီတက်ဖို့က မနက် ၇ နာရီ အိမ်က ထွက်ရမှာကိုး။

(၃) နေထိုင်စရိတ် – စင်္ကာပူထက်တောင် နည်းနည်းသာချင်နေပါပြီ။ ဖွတ်ကျောပြာစုဘဝနေထိုင်မှုပုံစံမျိုး နေမယ်ဆိုရင်တောင် တစ်ခြားမြို့တွေထက်တော့ ရန်ကုန်က ငွေပိုကုန်ပါတယ်။ သက်တောင့်သက်သာ နေထိုင်မှုပုံစံဖြစ်ချင်ရင်တော့ ငွေကို တံတားခင်းမှ ဖြစ်မှာပါ။

မြို့ထဲမှာနေရင် လူတွေ ကားတွေ ပိတ်ကျပ်နေပါတယ်။ နေစရာ အခန်းတွေက ကျဉ်းပါတယ်။ မြို့ပြင်ထွက်နေရင် ကိုယ့်အိမ်ကိုယ် ဓါးထမ်းစောင့်ရပါလိမ့်မယ်။ အပြင်မကျ အထဲမကျနေရာမှာ ခြံလေး ဝင်းလေးနဲ့ နေမယ်ဆိုလည်း၊ ဝယ်ရမယ့်ဈေးက စင်္ကာပူ HDB ဈေး မကဘူးမှတ်ပါ။

အိမ်ဝယ်ပြီးလို့ အဆင်သင့်တက်နေမယ် စိတ်မကူးနဲ့ဦး။ လုံခြုံရေးအတွက် ခြံစည်းရိုးမြှင့်တန် မြှင့်ရမယ်။ မီးအားမြှင့်စက်၊ အင်ဗာတာ တပ်ရမယ်။ ခုခေတ်စားတဲ့ Star City တို့လို Housing Project တွေမှာနေမယ်ဆိုရင်တော့ မဆိုးပါဘူး။ ဒါပေမယ့် စဉ်းစားရတာက ပေးရတာနဲ့တန်ရဲ့လား။ Landed Property လည်းမဟုတ်။

(၄) လူမှုပတ်ဝန်းကျင် – ရန်ကုန်ဟာ လူတန်းစားစုံပါတယ်။ နယ်တကာပေါင်းစုံကလူတွေဟာ လုပ်ကိုင်စားဖို့ ရန်ကုန်ကို လာကြပါတယ်။ ရန်ကုန်မှာ ထင်သလောက် မစွံတော့ ဒုစရိုက်မှုကလည်း များလာပါတယ်။ ရန်ကုန်မှာ တတ်လို့ လုပ်စားတာထက် ငတ်လို့ လုပ်စားရတာက များတယ်။ ဥပမာ နယ်မြို့မှာ မုန့်ဟင်းခါးရောင်းတယ်ထားပါတော့။

မသန့်ရှင်းဘူး၊ စားမကောင်းဘူးဆိုရင် အလွန်ဆုံးရောင်းရလှ ၇ ရက်ပေါ့။ သိကုန်ကြရင် လာမစားတော့ဘူး။ ရန်ကုန်မှာကတော့ အေးဆေးပဲ။ မသန့်ရှင်းလည်း၊ စားမကောင်းလည်း မသိတဲ့သူက လာစားမှာပဲ။

လူစည်တဲ့နေရာသာရောင်း၊ ကိုယ့်ဟာ စားမကောင်းမှန်း မသိသူတွေကအမြဲ ရှိနေမှာကိုး။ ဒါက မုန့်ဟင်းခါးဆိုင်ကို ဥပမာပေးတာ။ ဒီလိုပဲ ဂျင်းထည့်ဖို့ လွယ်တော့၊ ဘာမှ မတတ်ပဲ လုပ်စားကြတဲ့ စီးပွားရေးတွေ အများကြီး။

ဒါ့ကြောင့် ရန်ကုန်မှာ အစားအသောက်ကအစ Service Quality ကို ထိုက်ထိုက်တန်တန်ရဖို့ ခက်တယ်။ ကိုယ်ရောင်းတဲ့ အစားအသောက် ကိုယ်တိုင်ပြန်မစားရဲတဲ့၊ ကိုယ့်ပစ္စည်း ကိုယ်ပြန်မသုံးရဲတဲ့ စီးပွားရေးလုပ်ငန်းတွေ များတယ်။

(၅) ဦးဆောင်မှု – အရာရာဟာ ဦးဆောင်မှုကြောင့် မြင့်တက်တယ်၊ နိမ့်ကျတယ် လို့ ဆိုပါတယ်။ ရန်ကုန်ဟာ ဦးဆောင်မှု ကောင်းကောင်း အောက်မှာ မရှိဘူးဆိုတာကိုတော့ အတော်များများ လက်ခံကြမှာပါ။ ရန်ကုန်လမ်းတွေဟာ လူတွေရဲ့အချိန်၊ လူမှုဘဝ နှင့် စီးပွားရေးကို ဆိုးဆိုးရွားရွားသက်ရောက်စေအောင် ဆိုးပါတယ်။

လမ်းတွေ မခင်းဘူးလားဆိုတော့ တစ်နှစ် တစ်ခါကို ခင်းပါတယ်။ ဒီ တစ်လမ်းထဲကို တစ်နှစ် တစ်ခါ ခင်းတာမျိုးပါ။ ဘာလို့လဲဆိုတော့ ခင်းထားတဲ့လမ်းက တစ်နှစ်ပဲ ခံတာကိုး။ လမ်းခင်းနေလို့ ကားပိတ်ပါတယ်။

လူတွေက ခင်းပြီးရင်တော့ ပိုအဆင်ပြေသွားမှာပါဆိုပြီး သည်းခံကြပါတယ်။ သည်းခံရတာက ၃ လ လောက်ကြာပါတယ်။ ခင်းပြီးသွားတဲ့အခါ အဆင်ပြေမှုကို ၆ လ လောက်ရပါတယ်။ နောက်ပိုင်းတော့ လမ်းက ပျက်လာပြန်ပါပြီ။ နောက်နှစ်ကျတော့ ဒီလမ်းကိုပဲ ပြန်ခင်းပါတယ်။ ၃ လ လောက် ထပ်ပြီး သည်းခံရပြန်ပါတယ်။ ပြီးသွားတော့ ၆ လ လောက် အဆင်ပြေပါတယ်။

အဲ.. ပြီးတော့.. ပြန်ပျက်ပါတယ်။ နောက်နှစ်ပြန်ခင်းရင် ၃ လ သည်းခံရဦးမယ်ပေါ့။ ဒါက အမြင်သာဆုံး လမ်းကိစ္စကို ဥပမာပေးတာပါ။ YBS ကိစ္စ၊ လမ်းဘေးဈေးသည်ကိစ္စ၊ ကြူးကျော်ကိစ္စ၊ မြောင်းရေလျှံတဲ့ကိစ္စ၊ သစ်ပင်ခုတ်တဲ့ကိစ္စ၊ မီတာတွေ ဓါတ်တိုင်ပေါ်တင်တဲ့ကိစ္စ၊ လိုင်စင်/ပါမစ်ကိစ္စ အို.. စုံလို့ပါ။

(၆) စီးပွားရေး – ရန်ကုန်ဟာ စီးပွားရှာဖို့တော့ အင်မတန်ကောင်းပါတယ်။ သင်ဟာ Professional ကျပြီး လူမှုဆက်ဆံရေးလေး သာကောင်းမယ်ဆိုရင် ပြိုင်ဘက်တွေကို အသာလေးကျော်နိုင်ပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ဒီမှာက Professional ကျရင် ဆက်ဆံရေးကဆိုးတယ်။ ဆက်ဆံရေးကောင်းနေရင် တကယ်မလုပ်တတ်ပဲ ဖေါရှောတွေများပြန်ကော။

၂ ခုလုံးသာ အဆင်ပြေတဲ့သူဆိုရင် Customer တွေက ပြေးလာတန်းစီနေပါလိမ့်မယ်။ တကယ်လို့ သင်ကိုယ်တိုင်က ဒီလိုမဟုတ်ပါဘူးဆိုရင်တောင် မပူပါနဲ့။ အပေါ်မှာပြောခဲ့တဲ့ မုန့်ဟင်းခါးသည်လို ဂျင်းထည့်စရာတွေ အများကြီး ရနိုင်ပါသေးတယ်။

(ခုလို ကိုဗစ်ကာလမှာဆို အွန်လိုင်းပေါ်ကနေ ဈေးရောင်းလို့ ပိုလွယ်ပါတယ်) ငွေရှာလွယ်တယ်ဆိုပေမယ့် ရှာသမျှငွေကို Quality of Life လေးရဖို့ ဒလဟော ပြန်သုံးရတယ်ဆိုတော့ မထူးပါဘူးနော်။ တစ်ချို့ ကိစ္စတွေမှာ ငွေသုံးရင်တောင် Quality of Life ကို မရနိုင်ပါဘူး။

“ပတိရူပဒေသဝါတောစ” သင့်တင့်လျှောက်ပတ်သော အရပ်ဒေသမှာ နေထိုင်ခြင်း ဟာ မင်္ဂလာတစ်ပါးလို့ ဘုရားကဟောပါတယ်။သေချာတာက ရန်ကုန်ဟာ ပရိရူပ ဒေသ မဟုတ်ဘူးဆိုတာပါပဲ။ သူ့ထက်ဆိုတဲ့ ဒေသတွေ ရှိနိုင်ပါလိမ့်မယ်။

ဒါပေမယ့် သူ့ထက်ကောင်းတဲ့ နေရာတွေကို ရွေးခြယ်နိုင်အောင်လို့ပါ။ ဒါ့ကြောင့် ခင်ဗျားတို့ မနေနိုင်မထိုင်နိုင် ပြန်လာချင်သပဆိုရင်၊ ဘယ်မှာ အခြေချမလည်း သေချာတွေးခဲ့ကြပါလို့။

Bob Thwin Naing Soe